တီမောမှာ စစ်ခေါင်းဆောင်ကို စစ်ရာဇဝတ်မှုနဲ့တရားစွဲ
Border News Agency
တီမော၊ ဇန်နဝါရီ ၁၃။
စစ်ခေါင်းဆောင်ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက်အရေးယူပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တီမောလက်စတေးနိုင်ငံ၊ ပြည်သူ့အစိုးရရှေ့နေရုံးမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က တရားစွဲဆိုလိုက်ပါတယ်။
အဲဒီ တီမောလက်စတေးနိုင်ငံ၊ ပြည်သူ့အစိုးရရှေ့နေရုံးမှာ ရာဇဝတ်မှုဆိုင်ရာတိုင်ကြားစာ တင်သွင်းလိုက်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဇန်နဝါရီလ ၁၂ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီတိုင်ကြားမှုထဲမှာတော့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အုပ်စုလိုက်မုဒိမ်းကျင့်တာ၊ အစုလိုက်အပြုံလိုက်သတ်ဖြတ်တာတွေအပြင် ဘာသာရေးဆရာတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုသတ်ဖြတ်တာ၊ ဘုရားကျောင်းတွေကိုတိုက်ခိုက်တာစတဲ့ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကို တင်ပြထားတယ်လို့ ဆိုပါတယ်။
တီမောနိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာတရားစီရင်ပိုင်ခွင့် (Universal Jurisdiction) ကို လက်ခံထားတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့် ဘယ်နိုင်ငံသားမဆိုကျူးလွန်တဲ့ ကြီးလေးတဲ့ရာဇဝတ်မှုတွေကို အရေးယူပိုင်ခွင့်ရှိနေတာလည်း ဖြစ်ပါတယ်။
အဲဒီအပြင် အမှုစုံစမ်းစစ်ဆေးတဲ့နေရာမှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) က စုဆောင်းထားတဲ့အထောက်အထားတွေကိုလည်း တီမောအာဏာပိုင်တွေဆီပို့ပေးသွားမယ်လို့ ဆိုပါတယ်။
အဲဒီချင်းပြည်နယ်မှာ ၂၀၂၂ ခုနှစ်ကစပြီး စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေတထောင်နီးပါးရှိခဲ့သလို၊ တနိုင်ငံလုံးအတိုင်းအတာနဲ့ ၂၀၂၅ ခုနှစ် မတ်လကုန်အထိ အရပ်သားခြောက်ထောင့်လေးရာခုနှစ်ဆယ်သုံးဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။






