Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၄။
ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်ရဲ့လေကြောင်းတိုက်ခိုက်လို့ ပြည်သူလေးဆယ်ဦး သေဆုံးခဲ့ပြီးနှစ်ဆယ့်လေးဦး ဒဏ်ရာရသွားတယ်လို့ Women For Justice အဖွဲ့က ဇန်နဝါရီ ၁၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက ဝက်လက်၊ ကနီ၊ ဒီပဲယင်းနဲ့ ခင်ဦးမြို့နယ်တွေမှာ စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသားဆယ့်ရှစ်ဦး၊ အမျိုးသမီးဆယ့်နှစ်ဦးနဲ့အမည်မသိ ရှစ်ဦး၊ စုစုပေါင်းသုံးဆယ်ရှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဆယ့်သုံးဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
ချင်းပြည်နယ်မှာတော့မိုင်းကြောင့် ဒေသခံနှစ်ဦးသေဆုံးကာ တဦးဒဏ်ရာရခဲ့သလို၊ လူငယ်လေးဦးလည်း ဖမ်းဆီးခံခဲ့ရပါတယ်လို့ဆိုပါတယ်။
အဲဒီအပြင်လေကြောင်းတိုက်ခိုက်လို့ ဘုရားကျောင်းသုံးကျောင်းနဲ့ လူနေအိမ်သုံးဆယ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလို စစ်ကော်မရှင်ရဲ့ ထိုးစစ်နဲ့လမ်းပန်းဆက်သွယ်ရေးပိတ်ဆို့မှုတွေကြောင့် ချင်းပြည်မှာ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေပြီး အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ စားဝတ်နေရေးအခက်အခဲတွေကို အပြင်းအထန်ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကိုင်းတိုင်းမှာလည်း စစ်ဘေးရှောင်နေရတဲ့ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေဟာ ရာသီဥတုအကူးအပြောင်းကြောင့် ကျန်းမာရေးထိခိုက်နေကြပြီး ဆေးဝါးနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေလိုအပ်နေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် အမျိုးသမီးတွေဟာ စစ်ဘေးဒဏ်ကြောင့် စိတ်လုံခြုံမှုမရှိပဲ အမြဲကြောက်ရွံ့နေရတာကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါကျန်းမာရေးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။






