Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၁၅။
နယ်သာလန်နိုင်ငံ၊ ICJ တရားရုံးမှာ မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနဲ့ တရားစွဲဆိုထားတဲ့အမှုမှာ မဘသဆရာတော်တွေကိုထည့်သွင်းစွပ်စွဲတာနဲ့ ပတ်သက်ပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) က ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချတယ်လို့ဇန်နဝါရီ ၁၄ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
ဂမ်ဘီယာနိုင်ငံရဲ့လျှောက်လဲချက်မှာ သီတဂူဆရာတော်နဲ့ ဦးဝီရသူတို့ရဲ့ ဟောကြားချက်တွေကို လူမျိုးရေးခွဲခြားတဲ့ အထောက်အထားတွေအဖြစ် တင်ပြခဲ့တာပါ။
ဒီအပေါ်မှာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂက ဒါဟာမြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေဖို့ အနောက်နိုင်ငံတွေနဲ့ OIC အဖွဲ့ဝင်နိုင်ငံတွေက မီဒီယာတွေကို ငွေအားသုံးပြီး လုပ်ကြံဖန်တီးနေတာလို့ တုံ့ပြန်ထားပါတယ်။
အဲဒီကြားနာပွဲမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ဂမ်ဘီယာဘက်က IIMM ရဲ့ အချက်အလက်တွေကို ကိုးကားပြီး ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်က ကျေးရွာတချို့မှာ ကျူးလွန်ခဲ့တဲ့ သတ်ဖြတ်မှုတွေဟာ လူမျိုးတုံးသတ်ဖြတ်မှုမြောက်ကြောင်း အခိုင်အမာ လျှောက်လဲထားတာပါ။
အဲဒီအမှုနဲ့ပတ်သက်လို့ စစ်ကော်မရှင်ဘက်ကပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ဒေါက်တာသီတာဦးတို့ ဦးဆောင်တဲ့အဖွဲ့ တက်ရောက်နေကြပါတယ်။
မြန်မာနိုင်ငံဘက်ကနေ ဇန်နဝါရီလ ၁၆ ရက်ကနေ ၂၀ ရက်အထိ တကြိမ်၊၂၈ ရက်ကနေ ၂၉ ရက်အထိ တကြိမ် ပြန်လည်ချေပ လျှောက်လဲသွားဖို့ ရှိနေပါတယ်။






