Border News Agency
ဟားခါး၊ ဇန်နဝါရီ ၁၅။
ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ စစ်ကော်မရှင်နဲ့ ပူးပေါင်းပြီး ပြည်သူ့ဘဏ္ဍာငွေခြစားနေတဲ့ ဝန်ထမ်းတွေနဲ့ ကုမ္ပဏီတွေကို အမည်ပျက်စာရင်း (Blacklist) သွင်းလိုက်တယ်လို့ CDF-Hakha ဗဟိုကောင်စီက ဇန်နဝါရီလ ၁၅ ရက်၊ဒီနေ့ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ငါးနှစ်အတွင်း စစ်ကော်မရှင်ရဲ့ ဝန်ကြီးချုပ်ကနေ ဝန်ထမ်းတွေအထိ၊ လုပ်ငန်းရှင်တွေနဲ့ပုဂ္ဂလိကကုမ္ပဏီအချို့ဟာ လုပ်ငန်းအမှန်တကယ် ဆောင်ရွက်တာမရှိဘဲ စာရွက်စာတမ်းအတုတွေနဲ့ ပြည်သူ့ဘဏ္ဍာငွေ သန်းပေါင်းရှစ်သောင်းသုံးထောက်ခြောက်ရာရှစ်ဆယ်ရှစ်ကျော်ကို ထုတ်ယူခြစားခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီ အမည်ပျက်စာရင်းဝင်သူတွေကို တရားဝင်စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်လိုက်ပြီး ကြေညာချက်ထုတ်တဲ့နေ့ကစလို့ ၁၅ ရက်အတွင်း လာရောက်ဖြေရှင်းတာ မရှိဘူးဆိုရင် ပိုင်ဆိုင်မှုအားလုံးကို ပြည်သူပိုင်သိမ်းယူမယ့်အပြင် မြို့နယ်အတွင်း နေထိုင်သွားလာခွင့်ကိုပါ ပိတ်ပင်သွားမယ်လို့ဆိုပါတယ်။
အဲဒီအပြင် ကျန်ရှိနေတဲ့ အသင်းအဖွဲ့တွေနဲ့ လုပ်ငန်းရှင်တွေကိုလည်း စုံစမ်းစစ်ဆေးနေပြီး ခြစားမှုတွေ့ရှိရင် ထိထိရောက်ရောက် ဆက်လက်အရေးယူသွားမယ်လို့ CDF-Hakha က အပြင်းအထန် သတိပေးထားပါတယ်။























