Border News Agency
မြောက်ဦး၊ ဇန်နဝါရီ ၁၅။
မြန်မာနိုင်ငံတဝှမ်းတနှစ်အတွင်း စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းနဲ့မြေပြင်တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးရှစ်ရာနီးပါးသေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဇန်နဝါရီလ ၁၅ ရက်၊ ဒီနေ့ ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကနေ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကြောင့် အမျိုးသမီးစုစုပေါင်း ခုနှစ်ရာကိုးဆယ့်နှစ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီစစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးသူ ခြောက်ရာ့နှစ်ဆယ့်တဦးနဲ့ အများဆုံးဖြစ်နေပြီး၊ လက်နက်ကြီးကြောင့် တရာ့နှစ်ဦး၊ မတရားသတ်ဖြတ်ခံရသူ သုံးဆယ့်ကိုးဦး ရှိခဲ့တယ်လို့ဆိုပါတယ်။
အဲဒီအပြင် မြေမြှုပ်မိုင်း၊ မီးရှို့သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ထောင်တွင်းမှာဆေးကုသခွင့်မရလို့ သေဆုံးခဲ့ရတာတွေလည်းရှိတယ်လို့ ဆိုပါတယ်။
အဲဒီသေဆုံးသူတွေထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက်အရွယ် မိန်းကလေးငယ် တရာ့ငါးဆယ့်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးငါးဦး ပါဝင်နေပြီး တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အမျိုးသမီး ရှစ်ရာ့တဆယ့်ငါးဦးအထိရှိခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်ကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့က စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ အမျိုးသမီးနှစ်ဆယ့်တဦး တပြိုင်နက်တည်းသေဆုံးခဲ့ရတာက တနှစ်တာအတွင်း အဆိုးရွားဆုံးဖြစ်စဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် စစ်ကိုင်းတိုင်းမှာ နှစ်ရာ့တဆယ့်ခုနှစ်ဦးနဲ့ သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး၊ မန္တလေးတိုင်းမှာ တရာ့နှစ်ဆယ့်သုံးဦး၊ ရခိုင်မှာ တရာ့တဆယ့်ကိုးဦးနဲ့ ရှမ်း၊ မကွေး၊ ချင်း စတဲ့ဒေသတွေမှာလည်း အမျိုးသမီးတွေအများအပြားသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။






