Border News Agency
သီပေါ၊ ဇန်နဝါရီ ၁၅။
ရှမ်းပြည်မြောက်ပိုင်း၊ သီပေါနဲ့ မိုင်းရယ်မြို့နယ်တွေမှာ တရုတ်နိုင်ငံရဲ့သတင်းပေးမှုကြောင့် ငွေကျပ်တထောင့်ခြောက်ရာဘီလီယံကျော်တန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ဓာတုပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကော်မရှင်ပြောခွင့်ရ ဇော်မင်းထွန်းက မနေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်ကနေ ၁၁ ရက်အတွင်း သိမ်းဆည်းရမိခဲ့တာဖြစ်ပြီး မူးယစ်ဆေးချက်လုပ်တဲ့စက်ယန္တရားကြီးတွေ၊ Starlink စက်တွေအပြင် SSPP / SSA တံဆိပ်ပါ ယူနီဖောင်းတွေနဲ့ အွန်လိုင်းလိမ်လည်မှုမှာပါဝင်သူတွေကိုပါ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဓာတုပစ္စည်းတွေကနေ အိုက်စ်နှစ်ဆယ့်ခုနှစ်တန် စိတ်ကြွဆေးပြား သန်းရှစ်ရာကျော်အထိ ထုတ်လုပ်နိုင်တဲ့ ပမာဏဖြစ်ပြီး ဒါဟာ ၂၀၂၅ ခုနှစ်အတွင်း တနိုင်ငံလုံးဖမ်းမိခဲ့တဲ့အိုက်စ်ပမာဏရဲ့ သုံးဆယ့်သုံးရာခိုင်နှုန်းကျော် ရှိနေတယ်လို့ဆိုပါတယ်။
အဲဒီအပြင် AA၊ KNU၊ CNF နဲ့ PDF အဖွဲ့တွေဟာ မူးယစ်ဆေးဝါးကို ဝင်ငွေရလမ်းအဖြစ် နယ်စပ်လမ်းကြောင်းတွေကနေ အသီးသီးလုပ်နေကြတယ်လို့ ထည့်သွင်းစွပ်စွဲခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ ခုလို စွပ်စွဲချက်တွေအပေါ် AA ဘက်ကတော့ ဒါဟာယုတ္တိမရှိတဲ့အပြင် နိုင်ငံရေးအရသိက္ခာချတဲ့ လုပ်ရပ်သာဖြစ်တယ်လို့ အရင်ကတည်းက တုံ့ပြန်ငြင်းဆိုထားပါတယ်။
အဲဒီရှင်းလင်းပွဲကို တရုတ်၊ ထိုင်းနဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တွေက တာဝန်ရှိသူတွေအပြင် အိမ်နီးချင်းနိုင်ငံတချို့ကသံတမန်တွေလည်း တက်ရောက်ခဲ့ကြပါတယ်လို့ ဆိုပါတယ်။






