Border News Agency
ထိုင်း၊ ဇန်နဝါရီ ၁၅ ။
ထိုင်းနိုင်ငံ နှစ်ရက်ဆက်တိုက်ကရိန်းပြုတ်ကျတဲ့ ဖြစ်စဉ်တွေမှာ မြန်မာအလုပ်သမားတွေ အများဆုံးထိခိုက်သေဆုံးနေကြပါတယ်။
အဲဒီစမွတ်စခွန်ခရိုင်၊ သာချင်မြစ်တံတားအနီးက ပါရီဟိုတယ်ရှေ့မှာ ကရိန်းနဲ့ကွန်ကရစ်တန်းကြီးက ဇန်နဝါရီလ ၁၅ ရက်၊ ဒီနေ့ လမ်းပေါ်ကိုရုတ်တရက် ပြုတ်ကျခဲ့ပါတယ်။
အဲဒီအချိန် လမ်းပေါ်ကဖြတ်မောင်းလာတဲ့ မြန်မာအလုပ်သမား ကြိုပို့ယာဉ်ပေါ်ကို တည့်တည့်ပိမိပြီး ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့တာပါ။
အဲဒီကားပေါ်မှာလိုက်ပါလာတဲ့ မြန်မာအလုပ်သမားအမျိုးသားနှစ်ဆယ်ဦးနဲ့ အမျိုးသမီးနှစ်ဆယ့်နှစ်ဦး စုစုပေါင်းလေးဆယ့်နှစ်ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီထဲက အမျိုးသမီးတဦးဆိုရင် ကားထဲမှာညပ်နေလို့ ကယ်ဆယ်ရေးအဖွဲ့တွေက အသည်းအသန်ကယ်ထုတ်ခဲ့ရသလို ဒဏ်ရာရသူတွေဟာ ဦးခေါင်းကွဲတာနဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတယ်လို့ ဆိုကြပါတယ်။
သူတို့အားလုံးဟာ Pinthong စက်မှုဇုန်က ကုမ္ပဏီတခုရဲ့ဝန်ထမ်းတွေဖြစ်ပြီး ခုတော့သီရိရာချာခရိုင်ထဲကဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံမှာ မနေ့ကရောဒီနေ့ပါ နှစ်ရက်ဆက်တိုက် ကရိန်းပြုတ်ကျမှုတွေကြောင့် စုစုပေါင်း သေဆုံးသူ သုံးဆယ့်လေးဦးရှိလာပြီး ဒဏ်ရာရသူတရာကျော်သွားပြီ ဖြစ်ပါတယ်။
အဲဒီထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ ခုနှစ်ဦးနဲ့ ပျောက်ဆုံးနေသူသုံးဦးရှိနေသလို သေဆုံးသူတွေထဲမှာ နိုင်ငံခြားသားနှစ်ဦး ပါဝင်တယ်လို့ဆိုကြပါတယ်။
အဲဒီ အခင်းဖြစ်ပွားရာနေရာကို ထိုင်းရဲတပ်ဖွဲ့ကစစ်ဆေးနေပြီး တာဝန်ရှိသူတွေကိုတရားဥပဒေအရ ထိရောက်စွာအရေးယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။






