Border News Agency
ဖိလစ်ပိုင်၊ ဇန်နဝါရီ ၁၆။
စစ်ကော်မရှင်နဲ့သံတမန်ရေးအရ ထိတွေ့ဆက်ဆံနေတဲ့ ဖိလစ်ပိုင်အစိုးရကို ပြည်တွင်း၊ ပြည်ပအရပ်ဘက်အဖွဲ့အစည်းကိုးဆယ်ကိုးဖွဲ့က ဇန်နဝါရီလ ၁၅ ရက်၊ မနေ့က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အာဆီယံဥက္ကဋ္ဌကို လာမယ့် ၂၀၂၆ မှာ တာဝန်ယူမယ့်ဖိလစ်ပိုင်ဟာ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်ကော်မရှင်ကို နိုင်ငံရေးအရတရားဝင်မှုပေးဖို့ ကြိုးစားနေတာဟာ အလွန်စိုးရိမ်စရာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
အဲဒါကြောင့် စစ်ကော်မရှင်ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုဖို့နဲ့ သူတို့လုပ်မယ့်အတုအယောင် ရွေးကောက်ပွဲကိုလည်း ပြတ်ပြတ်သားသားငြင်းပယ်ပေးဖို့ ဖိလစ်ပိုင်အစိုးရကို တောင်းဆိုထားပါတယ်။
မြန်မာပြည်သူတွေကို အမှန်တကယ်ကိုယ်စားပြုတဲ့ NUG၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေကိုသာ တရားဝင်ကိုယ်စားလှယ်တွေအဖြစ် ဆက်ဆံဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒီအပြင် နောက်ဆုံးအနေနဲ့ ပြည်သူ့အသက်တွေကို စတေးပြီးရလာတဲ့တည်ငြိမ်ရေးဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမဟုတ်ဘူးဆိုတာကိုလည်း ဆိုပါတယ်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို မြန်မာနိုင်ငံကိုယ်စား ၂၀၂၆ ခုနှစ်မှာ တာဝန်ယူရမယ့် ဖိလစ်ပိုင်အစိုးရဟာ အရင်ကတော့စစ်ကော်မရှင်အပေါ် တင်းမာတဲ့ ရပ်တည်ချက်တွေ ရှိခဲ့ပါတယ်။
ဒါပေမယ့် အခုအခါမှာတော့ အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီနဲ့ သံတမန်ရေးအရပြန်လည် ထိတွေ့ဆက်ဆံမှုတွေ စတင်လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။






