Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၁၆။
စစ်ကော်မရှင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၂ မှာ ပြည်သူ့လွှတ်တော်နေရာငါးဆယ်နှစ်နေရာမှာ ပြည်ခိုင်ဖြိုးပါတီက လေးဆယ်လေးနေရာထိအနိုင်ရတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဇန်နဝါရီလ ၁၅ ရက်၊မနေ့က ထုတ်ပြန်ပါတယ်။
မြို့နယ်တရာမှာ ဇန်နဝါရီလ ၁၁ နေ့ကပြုလုပ်ခဲ့တဲ့ ဒုတိယအဆင့်ရွေးကောက်ပွဲ ရလဒ်တွေဟာ စစ်ကိုင်း၊တနင်္သာရီ၊ ပဲခူးနဲ့ မန္တလေးတိုင်းက မဲဆန္ဒနယ်သုံးဆယ်စလုံးမှာ ကြံ့ခိုင်ရေးပါတီကပဲ အကုန်အနိုင်ရခဲ့တယ်လို့ဆိုပါတယ်။
အဲဒီတခြားပြည်နယ်တွေဖြစ်တဲ့ ကချင်မှာနှစ်နေရာ၊ကယားမှာသုံးနေရာနဲ့ မကွေးတိုင်းမှာရှစ်နေရာကို ကြံ့ခိုင်ရေးပါတီက အနိုင်ရခဲ့ပြီး မွန်ပြည်နယ်မှာတော့ မွန်ညီညွတ်ရေးပါတီကလေးနေရာနဲ့ အများဆုံးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ မှာ ပြည်သူ့လွှတ်တော် တရာ့ခြောက်ဆယ်ရှစ်နေရာရှိပြီး အဲဒီအထဲကြံ့ခိုင်ရေးပါတီက တရာ့လေးဆယ်ခြောက်နေရာအထိ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ကစပြီး ရွေးကောက်ပွဲတွေကို အပိုင်းလိုက် ခွဲလုပ်နေတာဖြစ်ပြီး လာမယ့် ဇန်နဝါရီ ၂၅ ရက်မှာတော့ နောက်ဆုံးအဆင့်အဖြစ် မြို့နယ်ခြောက်ဆယ်သုံးမြို့နယ်မှာ ရွေးကောက်ပွဲ ဆက်လုပ်ဖို့ ပြင်ဆင်နေပါတယ်။






