Border News Agency
စစ်ကိုင်း၊ ဇန်နဝါရီ ၁၉။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ပေါက်တောရွာမှာရှိတဲ့ စစ်ကော်မရှင်တပ်ဂိတ်စခန်းနဲ့ စစ်ကူစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ခိုက်ခဲ့လို့ ဆယ်ဦးသေဆုံးခဲ့တယ်လို့ ရွေဘိုခရိုင် အမှတ်၁၇ တပ်ရင်း၊ တပ်ခွဲ ၄ က ဇန်နဝါရီလ ၁၈ ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
အဲဒီ ပေါက်တောရွာမှာရှိတဲ့ စစ်ကော်မရှင်တပ်ဂိတ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်းနဲ့ ပူးပေါင်းအဖွဲ့တွေတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်ဘက်ကဆယ်ဦးသေဆုံးခဲ့ပြီး နှစ်ဆယ်နီးပါးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတော်လှန်ရေးတပ်ဖွဲ့တွေက ဂိတ်စခန်းကိုစီးနင်းနေချိန်မှာပဲ စစ်ကိုင်းမြို့ဘက်ကနေ အိမ်စီးကားတွေအပါအဝင် ကားခုနှစ်စီးနဲ့တက်လာတဲ့ စစ်ကူစစ်ကြောင်းကိုလည်း လမ်းမှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ စစ်ကော်မရှင်ဘက်က အင်အားအလုံးအရင်းနဲ့ ပြန်လည်ခုခံတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ဆုတ်ခွာခဲ့ရပြီး PDF ရဲဘော်တဦးကျဆုံးကာ တဦးဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ဒဏ်ရာရသွားတဲ့စစ်သားတွေကို တင်ဆောင်လာတဲ့ကားဟာ ဆေးကုသဖို့အသွားလမ်းမှာ လမ်းကြိတ်စက်ကိုဝင်တိုက်မိခဲ့လို့ စစ်သားတချို့ ထပ်ပြီးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီစစ်ဆင်ရေးကို ရွှေဘိုခရိုင် အမှတ် ၁၇ တပ်ရင်း တပ်ခွဲ ၄ အက်စစ်စစ်ကြောင်းနဲ့အတူ ပြည်သူ့စစ်သည်တော် အထူးပြောက်ကြားတပ်ဖွဲ့၊ မင်းကွန်းတိုက်နယ် ပ.လ.ဖ၊ GUN STAR ပြောက်ကြားတပ်ဖွဲ့နဲ့ နယ်မြေခံ ပ.က.ဖ အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။






