Border News Agency
မြဝတီ၊ ဇန်နဝါရီ ၂၀။
ကရင်ပြည်၊ မြဝတီနယ်စပ်မှာဖမ်းဆီးရမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ ဆက်စပ်သူ နိုင်ငံခြားသားလေးဆယ့်ငါးဦးကို နေရပ်ပြန်ပို့ပေးခဲ့တယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီလ ၂၀ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီ နိုင်ငံခြားသားတွေကို မြန်မာ – ထိုင်း အမှတ် ၂ ချစ်ကြည်ရေးတံတားကတဆင့် သက်ဆိုင်ရာနိုင်ငံတွေဆီ ဇန်နဝါရီလ ၁၉ ရက်နေ့ကလွဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီလွှဲပြောင်းပေးလိုက်တဲ့သူတွေဟာ မြဝတီနဲ့ရွှေကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုတွေမှာပါဝင်ပတ်သက်လို့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ပါတယ်လို့ဆိုပါတယ်။
အဲဒီထဲမှာ အီသီယိုးပီးယား ဆယ့်ခုနှစ်ဦး၊ ယူဂန်ဒါ ဆယ့်ခြောက်ဦး၊ ဖိလစ်ပိုင် ဆယ့်တဦးနဲ့ မာဒါဂတ်စကာ နိုင်ငံသားတဦးပါဝင်ပြီး မြန်မာဘက်ကတာဝန်ရှိသူတွေက သက်ဆိုင်ရာသံရုံးကိုယ်စားလှယ်တွေနဲ့ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့တွေဆီ လွှဲပြောင်းပေးခဲ့တာလို့ ဆိုပါတယ်။
အဲဒီမြဝတီမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီကနေ အခု ၂၀၂၆ ခုနှစ်ဇန်နဝါရီလအထိ တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသား စုစုပေါင်းတသောင်းလေးထောင်ကျော်ကို ထိန်းသိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက တသောင်းနှစ်ထောင်ကျော်ကို နေရပ်ပြန်ပို့ပေးခဲ့ပြီးဖြစ်သလို ကျန်ရှိနေတဲ့တထောင့်ကိုးရာ့ကိုးဆယ့်ကိုးဦးကို လွှဲပြောင်းပေးဖို့ဆက်ပြီးစီစဉ်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ အွန်လိုင်းလိမ်လည်မှု (Online Scam) လုပ်ငန်းတွေကိုနှိမ်နင်းဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။






