Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၁။
နိုင်ငံတကာတရားရုံး (ICJ) မှာ ကြားနာစစ်ဆေးနေတဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အမှုမှာ ဂမ်ဘီယာနိုင်ငံရဲ့ အမုန်းစကားဆိုင်ရာစွပ်စွဲချက်တွေဟာ ဥပဒေကြောင်းအရရောလက်တွေ့အချက်အလက်တွေအရပါ အခြေအမြစ်မရှိဘူးလို့ မြန်မာနိုင်ငံရဲ့ ရှေ့နေ Mr. Stefan Talmon က တုံ့ပြန်ချေပလိုက်ပါတယ်။
အဲဒီ ဇန်နဝါရီလ ၂၀ ရက်နေ့ ကြားနာပွဲမှာ Mr. Talmon ကဂမ်ဘီယာဘက်က သက်သေအဖြစ်တင်ပြထားတဲ့ အွန်လိုင်းပို့စ် ၇ ခုကို အသေးစိတ်ပြန်လည်စစ်ဆေးပြခဲ့ပြီး အဲဒီပို့စ်တွေမှာတပ်မတော်နဲ့ သက်ဆိုင်ခြင်းမရှိတဲ့အချက်တွေ၊ သတင်းဌာနတွေရဲ့ မှားယွင်းကိုးကားချက်တွေနဲ့ ရဲစခန်းတိုက်ခိုက်ခံရမှုအပေါ်တင်ပြတဲ့ သတင်းတွေသာ ဖြစ်တယ်လို့ ထောက်ပြခဲ့ပါတယ်။
အဲဒါကြောင့် ဒီအချက်အလက်တွေဟာ နိုင်ငံတော်ကစနစ်တကျ လုပ်ဆောင်နေပါတယ်ဆိုတဲ့ စွပ်စွဲချက်အတွက် သက်သေတန်ဖိုးမရှိဘူးလို့ သူကဆိုပါတယ်။
အဲဒီအပြင်အမုန်းစကား (Hate Speech)” နဲ့ “လူမျိုးသုဉ်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက် (Genocidal Intent)”အကြားက ခြားနားချက်ကို ရှင်းလင်းခဲ့ပါတယ်။
အဲဒီအမုန်းစကားရှိနေရုံမျှနဲ့ လူမျိုးသုဉ်းသတ်ဖြတ်ဖို့ကြံစည်နေတယ်လို့ တရားသေတွက်ချက်လို့မရကြောင်း ဒီလိုစွပ်စွဲနိုင်ဖို့အတွက် ခုလိုအမုန်းစကားတွေဟာ သတ်မှတ်ကာလအတွင်းစနစ်တကျနဲ့ ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်တဲ့အသွင်မျိုးရှိရမှာဖြစ်ပေမယ့် ဂမ်ဘီယာဘက်က သက်သေပြနိုင်တာမရှိခဲ့ဘူးလို့ဆိုပါတယ်။
အဲဒီအပြင်ဂမ်ဘီယာဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ပြောကြားချက်တွေကိုပင် လိုရာဆွဲပြီးအနက်အဓိပ္ပာယ် ဖွင့်ဆိုခဲ့တယ်လို့ဆိုပါတယ်။
နောက်ပြီးဗိုလ်ချုပ်မှူးကြီးရဲ့ အပြုသဘောဆောင်တဲ့ပြောကြားချက်တွေကို ဘင်္ဂါလီတွေအပေါ်လူမျိုးသုဉ်းစေဖို့ လှုံ့ဆော်တဲ့ပုံစံမျိုးဖြစ်အောင် ဂမ်ဘီယာကဖန်တီးထားတာဖြစ်ပြီး ဒါဟာအမှန်တရားနဲ့လွဲချော်နေတယ်လို့ ဆိုပါတယ်။
အဲဒီလို နိုင်ငံတော်ရဲ့တာဝန်ရှိမှုနဲ့ ပတ်သက်လို့လည်း ပုဂ္ဂိုလ်တဦးချင်း၊ အမျိုးသားရေးအဖွဲ့အစည်းတွေ ဒါမှမဟုတ် ဘုန်းတော်ကြီးတွေရဲ့ပြောဆိုချက်တွေကို ဥပဒေကြောင်းအရ နိုင်ငံတော်နဲ့ချိတ်ဆက်လို့မရဘူးလို့ သူကချေပခဲ့ပါတယ်။
အဲဒီအပြင်နိုင်ငံရေးပါတီ ဒါမှမဟုတ် အစုအဖွဲ့ငယ်တွေရဲ့အယူအဆဟာ နိုင်ငံတော်ရဲ့မူဝါဒမဟုတ်သလို နိုင်ငံတော်အနေနဲ့ လူမျိုးသုဉ်းစေလိုတဲ့ဆန္ဒမရှိပါက အဲဒီပြောဆိုချက်တွေအတွက် နိုင်ငံတော်မှာ တာဝန်မရှိဘူးလို့လည်း ဆိုပါတယ်။






