Border News Agency
နေပြည်တော်၊ ဇန်နဝါရီ ၂၃။
စစ်ကော်မရှင်ရဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ထိုင်းဘုရင့်ကြည်းတပ် NCCC ဌာနအကြီးအကဲ General Direk Bongkarn တို့ ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်မှာတွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံမှုမှာ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနဲ့ ကုန်စည်စီးဆင်းမှုပြန်လည်ကောင်းမွန်လာဖို့ နှစ်နိုင်ငံတပ်မတော်အကြား ပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ပါတယ်။
အဲဒီအပြင် နယ်စပ်မှာတရားမဝင်ကုန်သွယ်မှု၊ အွန်လိုင်းလိမ်လည်မှု (ကျားဖြန့်) နဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် သတင်းအချက်အလက်ဖလှယ်ပြီး ပူးပေါင်းလုပ်ဆောင်သွားဖို့ ညှိနှိုင်းခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကျင်းပနေတဲ့ အခြေအနေတွေကိုလည်း အသိပေးဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ ထိုင်းလူမျိုးတွေနဲ့မြန်မာနိုင်ငံသားတွေကြား လူမှုရေးတင်းမာမှုတွေ၊ အလုပ်အကိုင်ဆိုင်ရာအငြင်းပွားမှုတွေနဲ့ ရာဇဝတ်မှုဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်ပွားလာနေတာဖြစ်ပါတယ်။






