Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၂၃။
အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာစစ်တပ်ဘက်ကရပ်တည်ပေးခဲ့တဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အချို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ (MMMCC) က ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အဲဒီလို စစ်ကော်မရှင်ဘက်ကရပ်တည်နေကြတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့အချို့ရဲ့ လုပ်ရပ်တွေကို လုံးဝလက်မခံနိုင်ဘူးလို့ ဇန်နဝါရီလ ၂၃ ရက်၊ ဒီနေ့ သဘောထားထုတ်ပြန်လိုက်ပါတယ်။
အဲဒီဘာသာရေးအဖွဲ့တွေရဲ့ ပြောကြားချက်ဟာ မြန်မာနိုင်ငံမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်အားလုံးကို ကိုယ်စားမပြုဘူးလို့ MMMCC က ဆိုပါတယ်။
စစ်တပ်နဲ့အခုလိုပူးပေါင်းလုပ်ဆောင်တာဟာ မွတ်စလင်ထုအတွက် ဘာအကျိုးအမြတ်မှ မရနိုင်ဘူးလို့လည်း ထောက်ပြထားပါတယ်။
မွတ်စလင်တွေဟာ သမိုင်းတလျှောက်မှာ ဖိနှိပ်ခွဲခြားမှုတွေကိုအမြဲခံခဲ့ရပြီး အခုလိုကျူးလွန်သူတွေဘက်ကနေ “နီးရာဓား ကြောက်ရလို့” ဆိုတဲ့ အကြောင်းပြချက်နဲ့ ကာကွယ်ပေးနေတာဟာ လုံးဝအဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဆိုပါတယ်။
မတရားမှုကိုနည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ဖို့နဲ့ ဖိနှိပ်သူတွေနဲ့ကင်းကင်းရှင်းရှင်းနေဖို့က မွတ်စလင်တိုင်း လိုက်နာရမယ့် ကိစ္စဖြစ်တယ်လို့လည်း ဆိုပါတယ်။
အခုလိုလူနည်းစုတွေကို သတ်ဖြတ်နှိပ်စက်နေသူတွေဘက်က ရပ်တည်တာဟာ တာဝန်မဲ့ရာရောက်သလို သိက္ခာမဲ့တဲ့လုပ်ရပ်ပဲလို့ ဝေဖန်ထားပါတယ်။
အဲဒါကြောင့် အဖိနှိပ်ခံပြည်သူတွေဘက်ကမရပ်တည်ဘဲ ဖိနှိပ်သူတွေနဲ့တသားတည်းဖြစ်နေတဲ့ အဲဒီအဖွဲ့အစည်းတွေကို MMMCC ကဆန့်ကျင်ရှုတ်ချတယ်လို့လည်းဆိုပါတယ်။






