Border News Agency
ထိုင်း၊ ဇန်နဝါရီ ၂၆။
ပြည်တွင်းမှာရောင်းချနေတဲ့ အလှကုန်ပစ္စည်းတွေထဲက ကျန်းမာရေးကိုဘေးဥပဒ်ဖြစ်စေတဲ့ တားမြစ်ဓာတုပစ္စည်းတွေပါဝင်နေတဲ့ အလှကုန်နှစ်မျိုးကိုသုံးစွဲတာမပြုဖို့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) က အသိပေးထုတ်ပြန်လိုက်ပါတယ်။
အဲဒီအလှကုန်နှစ်မျိုးဖြစ်တဲ့ တရုတ်နိုင်ငံထုတ် Tailaimei COSMETICS / MAKE UP KIT နဲ့ ထိုင်းနိုင်ငံထုတ် HASAYA GIRL / PEACH PRO BLUSH တို့ ဖြစ်ကြပါတယ်။
အဲဒီအလှကုန်တွေဟာ FDA မှာ မှတ်တမ်းတင်ထားတာမရှိတဲ့အပြင် စစ်ဆေးချက်အရ ဘေးအန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေတွေ့ရတာကြောင့် ပြည်သူတွေအနေနဲ့ ဝယ်ယူမသုံးစွဲ ကြဖို့ သတိပေးထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဈေးကွက်အတွင်းဘေးအန္တရာယ်ရှိတဲ့ အလှကုန်တွေ ရောင်းချမှုမရှိစေဖို့ ဆက်လက်ကွပ်ကဲစစ်ဆေးသွားမယ်လို့လည်း ဆိုပါတယ်။






