Border News Agency
နယူးယောက်၊ ဇန်နဝါရီ ၂၉။
စစ်ကော်မရှင်တပ်ရဲရွေးကောက်ပွဲကို နိုင်ငံတကာအနေနဲ့ ငြင်းပယ်ကန့်ကွက်ကြဖို့၊စစ်ခေါင်းဆောင်ကိုဖမ်းဝရမ်းထုတ်နိုင်ရေးအရှိန်မြှင့်ဆောင်ရွက်ဖို့ကို ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် တိုက်တွန်းပြောကြားလိုက်ပါတယ်။
နယူးယောက်မြို့မှာ ဇန်နဝါရီလ၂၇ ရက်နေ့ကကျင်းပခဲ့တဲ့”အပြည်ပြည်ဆိုင်ရာ တရားဥပဒေစိုးမိုးရေး”ဆိုင်ရာ အဆင့်မြင့်တံခါးဖွင့်ဆွေးနွေးပွဲမှာ သံအမတ်ကြီးက မိန့်ခွန်းပြောကြားခဲ့တာပါ။
အဲဒီစစ်အုပ်စုဟာ လုပ်ကြံဖန်တီးထားတဲ့ မဲစာရင်းတွေနဲ့သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ချေဖျက်နိုင်မှာမဟုတ်သလို ပြည်သူလူထုရဲ့စိတ်ဆန္ဒကိုလည်း ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်အာဏာသိမ်းမှုနောက်ပိုင်း တရားဥပဒေစိုးမိုးမှုလုံးဝပျက်စီးသွားပြီး အွန်လိုင်းလိမ်လည်မှုစခန်း (Scam Centers)တွေ၊ဆိုက်ဘာရာဇဝတ်မှုမတွေ၊လူကုန်ကူးမှုနဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေရဲ့ ဗဟိုချက်ဖြစ်လာနေတယ်လို့ဆိုပါတယ်။
အဲဒါဟာ ဒေသတွင်းနဲ့ နိုင်ငံတကာလုံခြုံရေးအတွက်ပါ ကြီးမားတဲ့ခြိမ်းခြောက်မှုဖြစ်နေပြီလို့ သူက သတိပေးခဲ့ပါတယ်။
အဲဒီထဲ အထူးသဖြင့် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) အနေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တရားလိုရှေ့နေက ၂၀၂၄ ခုနှစ်၊နိုဝင်ဘာလမှာ လျှောက်ထားခဲ့ပေမယ့် တနှစ်ကျော်ကြာတဲ့အထိ တစ်စုံတစ်ရာ ထူးခြားမလာတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် ICC အနေနဲ့ ဒီလျှောက်ထားချက်ကို ချက်ချင်းထိရောက်စွာ အရေးယူလုပ်ဆောင်ဖို့လည်းတိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂအနေနဲ့ မြန်မာပြည်သူတွေအပေါ် ဒီနေ့ထိ ပျက်ကွက်နေဆဲဖြစ်ကြောင်း ဝေဖန်ပြောကြားခဲ့ပြီး လုံခြုံရေးကောင်စီအနေနဲ့ မြန်မာ့အရေးကို ICC ထံ လွှဲပြောင်းပေးဖို့နဲ့ စစ်အုပ်စုရဲ့ဆယ်စုနှစ်များစွာ ခံစားနေတဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်စက်ဝန်းကို အမြန်ဆုံး ဖြတ်တောက်ပေးဖို့အတွက် နောက်ဆက်တွဲ ဆုံးဖြတ်ချက်အဆိုသစ်တခုကို ထပ်မံချမှတ်သင့်တယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေဟာ အသက်ဘေးနဲ့ အနာဂတ်ပျောက်ဆုံးမှုတွေကြား ရုန်းကန်နေရတာကြောင့် စစ်အာဏာရှင်စနစ် အပြီးတိုင်ပပျောက်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်တည်ထောင်ရေး ကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးက ဝိုင်းဝန်းထောက်ခံပေးကြဖို့ တောင်းဆိုထားပါတယ်။






