Border News Agency
ဂမ်ဘီယာ၊ ဇန်နဝါရီ ၂၉။
ရခိုင်ပြည်ထဲမှာ ဖြစ်ခဲ့တဲ့ရက်စက်မှုတွေဟာ လူမျိုးစုသုတ်သင်တာထက် ပိုဆိုးတဲ့ “လူမျိုးတုံးသတ်ဖြတ်မှု” (Genocide) ဖြစ်နေပြီလို့ ဂမ်ဘီယာရှေ့နေ ဖလိဆန်းစ်က ICJ တရားရုံးမှာ သက်သေထွက်ဆိုချက်တွေနဲ့ တင်ပြခဲ့ပါတယ်။
အဲဒီသက်သေတဦးရဲ့ ထွက်ဆိုချက်မှာဆိုရင် မင်းကြီးရွာဖြစ်စဉ်အတွင်း သူ့ရဲ့ဇနီးနဲ့ သားသမီးငါးဦးအပါအဝင် ဆွေမျိုး ငါးဆယ်ခြောက်ဦးစလုံးအသတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီလိုမျိုး မိသားစုဝင်အားလုံးနီးပါးကို ဆုံးရှုံးလိုက်ရတဲ့ ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေဟာ ဂျီနိုဆိုက်ကွန်ဗန်းရှင်းရဲ့ အချက်အလက်တွေနဲ့ တိုက်ရိုက်ကိုက်ညီနေတယ်လို့ ရှေ့နေက ထောက်ပြခဲ့ပါတယ်။
နောက်ထပ်သက်သေတဦးကလည်း သူမရဲ့ရင်ခွင်ထဲကကလေးငယ်ကို အတင်းလုယူပြီး မျက်စိရှေ့မှာတင်ဓားနဲ့ထိုးသတ်ခဲ့တာကို ကြုံခဲ့ရတယ်လို့ဆိုပါတယ်။
အဲဒီနောက်မှာ သူမကိုပါအုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့ကြတဲ့အပြင် နိုင်ငံသားအခွင့်အရေး ပိတ်ပင်ခံရတာနဲ့ သွားလာခွင့်မရတာတွေကိုလည်း မြန်မာအာဏာပိုင်တွေက တကူးတက လုပ်ဆောင်ခဲ့တာလို့ တရားရုံးမှာ ပြောပြသွားခဲ့ပါတယ်။
အဲဒီအပြင် မောင်နုရွာက ကျောင်းဆရာ သက်သေတဦးကလည်း အမျိုးသား ရှစ်ဆယ်ခုနှစ်ဦးကိုမိသားစုတွေနဲ့ ခွဲထုတ်ပြီး တနေရာစီ ခေါ်သွားသတ်ခဲ့တဲ့အကြောင်းကို ထွက်ဆိုပါတယ်။
သူကတော့ တဦးတည်း အသက်ရှင်လွတ်မြောက်လာသူဖြစ်ပြီး ဒီဖြစ်ရပ်ဟာ ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေ အစုလိုက်အပြုံလိုက် အသတ်ခံရတာနဲ့ ထပ်တူကျနေတယ်လို့ ဂမ်ဘီယာရှေ့နေက နှိုင်းယှဉ်ပြခဲ့ပါတယ်။
အဲဒီအပြင် အမေရိကန်စစ်တပ်က အငြိမ်းစား ဒုတိယဗိုလ်မှူးကြီးပါမောက္ခနူကန်ကလည်း ဒါဟာတိုက်ဆိုင်မှုမဟုတ်ဘဲ ရိုဟင်ဂျာအသိုင်းအဝိုင်းကို ဖျက်ဆီးပစ်ဖို့အတွက် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့တာလို့ တရားသူကြီးတွေကို တင်ပြခဲ့ပါတယ်။
အဲဒီကိစွတွေနဲ့ပတ်သက်လို့ မြန်မာဘက်က ရှေ့နေတွေအနေနဲ့လည်း ဒီထွက်ဆိုချက်တွေအပေါ်မှာ ဘာမှ ထိခိုက်ပြောင်းလဲသွားအောင် မချေပနိုင်ခဲ့ပါဘူး။
အဲဒီလို ထောင်နဲ့ချီတဲ့ရက်စက်တဲ့ဖြစ်ရပ်တွေဟာ ၁၉၄၈ ခုနှစ်လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေး ကွန်ဗန်းရှင်းကို ပေါ်ပေါက်စေခဲ့တဲ့ အကြောင်းရင်းတွေနဲ့ အတူတူပဲလို့ ရှေ့နေက ဆိုပါတယ်။
အဲဒါကြောင့် အခုလက်ရှိတရားရုံးအနေနဲ့ ဒီဖြစ်ရပ်တွေအပေါ်မှာ တရားမျှတမှု ဖော်ဆောင်ပေးဖို့ တာဝန်ရှိတယ်လို့ လျှောက်လဲသွားခဲ့ပါတယ်။






