Border News Agency
ကရင်နီ၊ ဇန်နဝါရီ ၂၉။
ကရင်နီပြည်မှာဇန်နဝါရီလ ၁၈ ရက်က စစ်သုံ့ပန်း ခုနှစ်ဆယ့်ခြောက်ဦး၊ ထောင်ဝန်ထမ်းနှစ်ဦးနဲ့ မူးယစ်အကျဉ်းသားငါးဦး စုစုပေါင်းရှစ်ဆယ်သုံးဦးထောင်ဖောက်ပြေးခဲ့တာနဲ့ ပတ်သက်ပြီး ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ဇန်နဝါရီလ ၂၉ ရက်၊ ဒီနေ့မှာ ပြည်သူကို တောင်းပန်လိုက်ပါတယ်။
အဲဒီဖြစ်စဉ်ဟာ အတွင်းအပြင်သုံးလလောက် ကြိုတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး ထိုင်းဘက်ဝင်ဖို့ ဆုံမှတ်တွေ၊ဖုန်းတွေနဲ့ ရိက္ခာတွေကို စနစ်တကျစီမံခဲ့ကြတာလို့ဆိုပါတယ်။
အဲဒီလို နယ်မြေရှင်းလင်းရင်းပြန်ခုခံတဲ့ စစ်သုံ့ပန်းရှစ်ဦးကိုအသေ၊နှစ်ဦးကို အရှင်ဖမ်းမိခဲ့ပြီး ကျန်တဲ့သူတွေကတော့ ထိုင်းစစ်တပ်ဆီ လက်နက်ချခဲ့တယ်လို့ဆိုပါတယ်။
သူတို့ယူသွားတဲ့ လက်နက်ငယ်ငါးလက်ထဲက အချို့ကိုလည်း ပြန်သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် IEC က စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ထားပြီး ပူးပေါင်းပါဝင်တဲ့ ထောင်ဝန်ထမ်းနှစ် ဦးကိုလည်း အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။
အဲဒီ စစ်သုံ့ပန်းတွေကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေအတိုင်း လုံခြုံရေးတိုးမြှင့်ပြီး တင်းကျပ်စွာ ထိန်းသိမ်းသွားမယ်လို့ဆိုပါတယ်။
အဲဒါနဲ့ပတ်သက်လို့ ပြည်သူတွေ စိုးရိမ်ခဲ့ရတဲ့အပေါ် IEC က တာဝန်ယူတောင်းပန်ထားပြီး ဒေသန္တရအဖွဲ့တွေနဲ့ပေါင်းကာ လုံခြုံရေးအစီအမံသစ်တွေ ချမှတ်မှာဖြစ်သလို စစ်သုံ့ပန်းစီမံရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့နည်းပညာနဲ့ ရန်ပုံငွေအကူအညီတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။






