Border News Agency
နယ်သာလန်၊ ဇန်နဝါရီ ၃၁။
ဂမ်ဘီယာနိုင်ငံကမြန်မာနိုင်ငံအပေါ် စွဲဆိုထားတဲ့လူမျိုးသုဉ်းသတ်ဖြတ်မှုဆိုင်ရာအမှုအတွက် နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်ပေးတဲ့ လူသိရှင်ကြား ကြားနာပွဲတွေဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာပြီးဆုံးသွားပြီ ဖြစ်ပါတယ်။
အဲဒါကြောင့် ခုတရားရုံးက အမှုအပေါ် စတင်သုံးသပ်ပြီး အဆုံးအဖြတ်ပေးဖို့ (Deliberation) လုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
နယ်သာလန်နိုင်ငံ၊သည်ဟိဂ်မြို့မှာ ဇန်နဝါရီလ ၁၂ ရက်နေ့ကတည်းက စတင်ခဲ့တဲ့ ဒီကြားနာပွဲတွေမှာ ဂမ်ဘီယာဘက်ကသက်သေသုံးဦးနဲ့ ကျွမ်းကျင်သူတ ဦး၊ မြန်မာဘက်က သက်သေတဦးတို့ကို တရားရုံးက စစ်ဆေးခဲ့ပါတယ်။
အဲဒီနှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဖြစ်တဲ့ ဦးကိုကိုလှိုင်ဦးဆောင်တဲ့ မြန်မာအဖွဲ့နဲ့ Mr. Dawda Jallow ဦးဆောင်တဲ့ဂမ်ဘီယာအဖွဲ့တွေဟာ သူတို့ရဲ့ နောက်ဆုံး လျှောက်လဲချက်တွေကို အသီးသီး တင်သွင်းခဲ့ကြပြီး ဖြစ်ပါတယ်။
အဲဒါကြောင့် လက်ရှိမှာတရားရုံးက အမှုကို စတင်စိစစ်ဆုံးဖြတ်နေပြီဖြစ်လို့ တရားဝင် အဆုံးအဖြတ်ထွက်ပေါ်လာမယ့် နေ့ရက်ကိုတော့အချိန်တန်ရင် ထပ်မံကြေညာပေးသွားမယ်လို့ ICJ က သတင်းထုတ်ပြန်ထားပါတယ်။
ဒီအမှုဟာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်တွေအပေါ်အခြေခံပြီး လူမျိုးသုဉ်းသတ်ဖြတ်မှု တားဆီးရေးနဲ ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီချက် (Genocide Convention) ကို ချိုးဖောက်တာ ရှိ၊မရှိ တရားရုံးက အတည်ပြု ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။






