Border News Agency
စစ်တွေ၊ ဇန်နဝါရီ ၃၁။
စစ်တွေခရိုင်အတွင်းရှိ မြို့နယ်တွေမှာ စိုက်ပျိုးထားတဲ့ အာဆီယံ (ခေါ်) ဘိန်းစာရွက်ပင်တွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေးဌာန (DLEPS) က လိုက်လံရှင်းလင်း ဖျက်ဆီးနေပါတယ်။
အဲဒီလိုရှင်းလင်းရာမှာ DLEPS တပ်ဖွဲ့ဝင်တွေနဲ့အတူ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ သက်ဆိုင်ရာဌာနဆိုင်ရာတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။
အဲဒီ DLEPS အဖွဲ့ဟာ ကျေးရွာတွေအတွင်း တအိမ်တက်ဆင်း လိုက်လံစစ်ဆေးခဲ့ပြီး တွေ့ရှိတဲ့ ဘိန်းစာရွက်ပင်တွေကို အမြစ်ပြတ်နှုတ်ယူကာ မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီဘိန်းစာရွက်ပင်တွေဟာ လူငယ်တွေရဲ့ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပြီး အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တဲ့ မူးယစ်ဆေးပင်တွေ ဖြစ်တာကြောင့် DLEPS က အရှိန်အဟုန်နဲ့ လိုက်လံရှင်းလင်းနေတာလို့ သိရပါတယ်။
အဲဒီ DLEPSအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း အခုလိုမျိုး ကွင်းဆင်းရှင်းလင်းမှုတွေကို တကြိမ် ပြုလုပ်ခဲ့ပြီး ဖြစ်ပါတယ်။
DLEPS အနေနဲ့ ဒေသခံတွေကို ဒီဘိန်းစာရွက်ပင်တွေ ထပ်မံမစိုက်ပျိုးကြဖို့ နှိုးဆော်ထားပြီး၊နောက်နောင် စိုက်ပျိုးထားတာကို ထပ်မံတွေ့ရှိရရင်တော့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ တည်ဆဲဥပဒေတွေအရ ထိရောက်စွာ အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။
အဲဒီဘိန်းစာရွက်ကို အချိုရည်တွေနဲ့ ရောစပ်သောက်သုံးတဲ့ အလေ့အထဟာ ဒေသတွင်း လူငယ်တွေကြားမှာ ခေတ်စားနေပြီး ဒါဟာ ရေရှည်မှာ လူ့စွမ်းအားအရင်းအမြစ်ကို ပျက်စီးစေနိုင်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပင်တွေကို လိုက်လံဖျက်ဆီးရုံတင်မကဘဲ ဘိန်းစာရွက်ရဲ့ဆိုးကျိုးတွေကို ကျောင်းတွေနဲ့ရပ်ကွက်တွေအထိ ကွင်းဆင်းပြီး အသိပညာပေးဟောပြောပွဲတွေပြုလုပ်ပေးဖို့လိုအပ်တယ်လို့ ပြည်သူတွေကဆိုကြပါတယ်။










