Border News Agency
တီမော၊ ဖေဖော်ဝါရီ ၃။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကတိုင်ကြားထားတဲ့အမှုဖိုင်ကို တီမောလက်စတေနိုင်ငံကစစ်ဆေးဖို့ တရားဝင်လက်ခံလိုက်ပြီလို့ သိရပါတယ်။
အဲဒီအမှုထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးကို အုပ်စုလိုက်အဓမ္မပြုကျင့်တာ၊ ကလေးနဲ့သတင်းသမားအပါအဝင် လူဆယ်ဦးကိုအစုလိုက်သတ်ဖြတ်တာ၊ ဘုရားကျောင်းနဲ့ဆေးရုံတွေကို လေကြောင်းတိုက်ခိုက်တာ စတဲ့စစ်ရာဇဝတ်မှုသက်သေအထောက်အထားတွေကို တင်ပြထားတာပါ။
CHRO ညွှန်ကြားရေးမှူးဆလိုင်းဇာအုပ်ကတော့ မြန်မာနိုင်ငံမှာတရားမျှတမှုကို ငြင်းပယ်ခံထားရပေမယ့် တီမောမှာတော့အဖြေတခုရနိုင်မယ်လို့ မျှော်လင့်နေပါတယ်။
အဲဒီအပြင် တဖက်မှာလည်းစစ်ကော်မရှင်ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒါဟာပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်တာလို့ဆိုပြီး တီမောအစိုးရဆီကန့်ကွက်လွှာ (Protest Note) ပေးပို့ခဲ့ပါတယ်။
ဒါပေမယ့် တီမောဘက်ကရှေ့နေတွေကတော့ ဘယ်လိုပြင်ပစွက်ဖက်မှုမျိုးကိုမဆို ပယ်ချသွားမယ်လို့ ပြောထားပါတယ်။
အဲဒီအမှုကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တီမောပြည်သူ့ရှေ့နေရုံးကို စတင်တိုင်ကြားခဲ့တာဖြစ်ပြီး နှစ်ပတ်အကြာမှာတော့ အခုလိုအမှုဖိုင်ကိုစစ်ဆေးဖို့အတွက် လက်ခံလိုက်တာဖြစ်ပါတယ်။
အဲဒီအမှုဖွင့်ပြီးနောက် ဇန်နဝါရီလ ၁၄ ရက်နေ့မှာလည်း CHRO တာဝန်ရှိသူတွေဟာ တီမောသမ္မတရာမို့စ်ဟောတာနဲ့တွေ့ဆုံပြီး မြေပြင်ကအခြေအနေတွေကို ရှင်းလင်းပြခဲ့ပါသေးတယ်။






