Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၄။
ရခိုင်-မကွေးအစပ်ကို ဗဟိုပြုပြီး ပြင်းအား ၅.၉ (Mw) အင်အားပြင်းငလျင်နဲ့ ၄.၂ (Mw) ရှိတဲ့ ငလျင်ငယ်တခု ဖေဖော်ဝါရီလ ၃ ရက်၊ညပိုင်းမှာ လှုပ်ခတ်သွားတယ်လို့ USGS ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲဒီငလျင်ဟာ ရေနံချောင်းမြို့ရဲ့ အနောကဘက် ၉၅ ကီလိုမီတာအကွာ ရခိုင်ရိုးမတောင်တန်းအတွင်းကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီး ရခိုင်တစ်ပြည်လုံးအပြင် နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာပါ ပြင်းထန်စွာ တုန်ခါသွားခဲ့တာပါ။
အဲဒီလှုပ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ဖြစ်တဲ့ မောင်တောမြို့နယ်မှာ ပြင်းပြင်းထန်ထန် တုန်ခါသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီမောင်တောဒေသကို မနေ့ည ၁၀ နာရီ ၇ မိနစ်မှာအမြင့်ဆုံးစကေး ၅.၁ (Mw) အဆင့်နဲ့ ပထမတကြိမ် လှုပ်ခတ်ခဲ့ပြီး၊ ၁၀ နာရီ ၂၃ မိနစ်မှာတော့ ၄.၂ (Mw) အဆင့်နဲ့ ဒုတိယတကြိမ် ထပ်မံလှုပ်ခတ်ခဲ့တယ်လို့ USGS ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
အဲဒီငလျင်ဟာ မောင်တောမြို့ရဲ့ အနောက်မြောက်ဘက် ၉ မိုင်ခန့်အကွာ၊ မြေပြင်အောက်အနက် ၁၂ ကီလိုမီတာမှာ လှုပ်ခတ်ခဲ့တဲ့ အလွန်တိမ်တဲ့ငလျင်ဖြစ်တာကြောင့် မောင်တောမြို့ပေါ်မှာ တုန်ခါမှု အတော်လေး ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီငလျင်လှုပ်ခတ်မှုကြောင့်အဆောက်အအုံတွေနဲ့ ဘုန်းကြီးကျောင်းတွေ သိသိသာသာ တုန်ခါသွားလို့ လူတွေဟာ နေအိမ်အပြင်ဘက်ကို ထွက်ပြေးခဲ့ကြရတယ်လို့ မြို့ခံတွေကဆိုကြပါတယ်။
”ပထမတကြိမ် လှုပ်တာက အရမ်းပြင်းတယ်။ငါးမိနစ်လောက်ကို တုန်နေတာ။ ဘုန်းကြီးကျောင်းတွေလည်း အတော်လေး တုန်ခါသွားလို့ အပေါ်ထပ်တောင် မတက်ရဲဘူး ဖြစ်နေတယ်။”လို့ မောင်တောမြို့ခံကျောင်းထိုင်ဆရာတော်တပါးက Border News Agency ကို မိန့်ကြားပါတယ်။
အဲဒါကြောင့် ညအချိန်မတော် ငလျင်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင် ပြင်းပြင်းထန်ထန် ခံစားလိုက်ရတဲ့အတွက် မောင်တောဒေသခံတွေဟာ ထိတ်လန့်နေကြတယ်လို့ သိရပါတယ်။






