အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ယာယီသမ္မတအဖြစ်လက်မှတ်ရေးထိုးပြီး “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ” ကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်ပါတယ်။
အဲဒီဥပဒေဟာ နိုင်ငံတော်သမ္မတကို လုံခြုံရေး၊တရားဥပဒေစိုးမိုးရေး၊ငြိမ်းချမ်းရေးနဲ့ နိုင်ငံတကာဆက်ဆံရေးကိစ္စတွေမှာ အကြံပေးဖို့နဲ့ ညှိနှိုင်းဆောင်ရွက်ပေးဖို့ ရည်ရွယ်တာဖြစ်တယ်လို့ဆိုပါတယ်။
အဲဒိီကောင်စီကို နိုင်ငံတော်သမ္မတက သင့်လျော်တဲ့ပုဂ္ဂိုလ် ငါးဦးထက်မနည်းနဲ့ ဖွဲ့စည်းရမှာဖြစ်ပြီး ဥက္ကဋ္ဌနဲ့အတွင်းရေးမှူးကိုလည်း သမ္မတကပဲတိုက်ရိုက်သတ်မှတ်ပေးရမှာဖြစ်ပါတယ်။
ကောင်စီဝင်တွေရဲ့ သက်တမ်းဟာ သမ္မတရဲ့သက်တမ်းအတိုင်းဖြစ်ပြီး၊သူတို့ရဲ့ လစာနဲ့ ခံစားခွင့်တွေကိုတော့ပြည်ထောင်စုအစိုးရအဖွဲ့က သတ်မှတ်ပေးမယ်လို့ ပြဋ္ဌာန်းချက်မှာ ပါရှိပါတယ်။
ဒီဥပဒေရဲ့ ရည်ရွယ်ချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေဖို့၊ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ တိုင်းပြည်သာယာဝပြောရေးအတွက် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နိုင်ငံတော်သမ္မတရုံးကနေ ဒီဥပဒေနဲ့ပတ်သက်တဲ့ နည်းဥပဒေတွေနဲ့ အမိန့်ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ခုထုတ်ပြန်လိုက်တဲ့ ဥပဒေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ပြည်ထောင်စုလွှတ်တော်ရဲ့ ဥပဒေပြုခွင့်အာဏာကို ကျင့်သုံးပြီး ပြဋ္ဌာန်းတာဖြစ်တယ်လို့လည်း အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။






