နိုင်ငံသားတွေရဲ့ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနဲ့ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေးဥပဒေပြင်ဆင်တဲ့ဥပဒေကိုဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ပြဋ္ဌာန်းလိုက်တယ်လို့ စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။
အဲဒီပြင်ဆင်ချက်ဟာ နေအိမ်သို့ ဝင်ရောက်ရှာဖွေတာ၊ ပစ္စည်းသိမ်းဆည်းတာ သို့မဟုတ် လူပုဂ္ဂိုလ်ကိုရှာဖွေဖမ်းဆီးဆောင်ရွက်ရာမှာအနည်းဆုံး သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးသို့မဟုတ် တာဝန်ခံနှစ်ဦးနဲ့အတူဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
အဲဒီအပြင်နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနဲ့ အများပြည်သူအေးချမ်းသာယာရေးအတွက်အရေးကြီးလိုအပ်ချက်ရှိပါက ဒီအုပ်ချုပ်ရေးပိုင်းဆိုင်ရာတာဝန်ရှိသူတွေနဲ့အတူ ဆောင်ရွက်ရမယ်လို့ဆိုပါတယ်။
နောက်ပြီး နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးအတွက် တာဝန်အရ ဆောင်ရွက်ရသူတွေဟာ တည်ဆဲဥပဒေနဲ့အညီ ခွင့်ပြုမိန့် သို့မဟုတ် ဝရမ်းတစုံတရာ မရှိဘဲ ဆောင်ရွက်နိုင်တယ်လို့ထုတ်ပြန်ပါတယ်။
အဲဒီအပြင် နိုင်ငံတော်သမ္မတသို့မဟုတ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ အဲဒီကိစ္စရပ်တွေကို ဆောင်ရွက်နိုင်တယ်လို့ဆိုပါတယ်။
အဲဒီပြင်ဆင်ချက်ကို ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်တာလို့ဆိုပါတယ်။
အဲဒီဥပဒေပြင်ဆင်ချက်ဟာထုတ်ပြန်တဲ့နေ့မှစပြီး အာဏာတည်မှာဖြစ်သလို နိုင်ငံတော်အခြေအနေအရ လုံခြုံရေးဆိုင်ရာ အစီအမံတွေကို ဥပဒေကြောင်းအရ ပိုမိုခိုင်မာစေဖို့ ဆောင်ရွက်တာလို့လည်းဆိုပါတယ်။






