Border News Agency
မောင်တော၊ ဖေဖော်ဝါရီ ၄။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့တယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၁ နာရီခန့်အချိန်မှာ ဇီးသီးခူးဖို့အတွက် ရွာအနောက်ဘက်မှာရှိတဲ့ ချောင်းကိုဖြတ်ကူးနေချိန် ရေနစ်ခဲ့တာလို့ဆိုပါတယ်။
အဲဒီနောက် ရွာသားတွေကသူတို့နှစ်ဦးကို ရှာဖွေခဲ့ကြရာမှာ ဖေဖော်ဝါရီလ ၃ ရက်၊ နေ့လည် ၃ နာရီခွဲခန့်အချိန်မှာ ကမ်းနဲ့မီတာ ၁၀၀ ဝေးတဲ့ဂေါ်ဒူသာရချောင်းမှာ ရှာဖွေတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။
အဲဒီအပြင် သေဆုံးသူနှစ်ဦးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၄ ရက်၊ ဒီနေ့နေ့လည်ပိုင်းမှာ င်္သဂြိုဟ်သွားမယ်လို့ မိသားစုတွေက ဆိုကြပါတယ်။
အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။
အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်ကကလေးငယ်တွေနဲ့ စိတ်ဝေဒနာခံစားနေရသူတွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီး ဂရုစိုက်ကြည့်ရှုကြဖို့လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။






