Border News Agency
ရန်ကုန်၊ဖေဖော်ဝါရီ ၆။
ခရီးသွားလာနေကြတဲ့ ရခိုင်မှတ်ပုံတင် ၁၁/ မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ကန့်သတ်ထားတဲ့ မြို့နယ်တွေမှ ပြည်သူတွေလမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ ငွေကြေးအမြောက်အမြားတောင်းခံနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
အဲဒီရခိုင်မှတ်ပုံတင်ကိုင်ဆောင်သူတွေနဲ့ ကန့်သတ်မြို့နယ်တွေမှပြည်သူတွေဟာ ခရီးသွားလာရာမှာ သက်ဆိုင်ရာရပ်ကွက်နဲ့ရဲစခန်းထောက်ခံစာတွေပါရှိမှသာ ကားလက်မှတ်ဝယ်ယူခွင့်ရရှိမှာဖြစ်ကြောင်းကို အဝေးပြေးယာဉ်လိုင်းဂိတ်တွေက အွန်လိုင်းမှတဆင့် အသိပေးပေးထားပါတယ်။
အဲဒီအပြင် အချို့ကားဂိတ်တွေမှာပြဿနာတက်မည်ကိုစိုးရိမ်တာမို့ ကန့်သတ်မြို့နယ် မှတ်ပုံတင်ကိုင်ဆောင်သူတွေကိုလက်မှတ်ရောင်းချပေးဖို့ ငြင်းဆန်တာတွေရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
“ကျွန်မခရီးထွက်တုန်းကဆိုရင် လမ်းမှာတယောက်ကိုငါးသိန်းအထိ တောင်းတာရှိတယ်။ သုံးယောက်ဆိုရင်ဆယ့်ငါးသိန်းပေးရတယ်လို့ ကြားခဲ့ရတယ်။ အထူးသဖြင့် ၁၃/ရှမ်းမှတ်ပုံတင်တွေဆိုရင် ငွေကောက်ပြီးမှဝင်ခွင့်ပေးတာမျိုးတွေရှိသလို၊ ၉/ မန္တလေးမှတ်ပုံတင်တွေလည်း ဝင်ရခက်နေတယ်။ ၁၁/ရခိုင်မှတ်ပုံတင်ဆိုရင်တော့ ပိုပြီးစစ်ဆေးခံရသလို ကျောက်မဲဘက်ကိုသွားဖို့လည်း အရမ်းခက်ခဲနေတယ်။”လို့ ခရီးသွားပြည်သူတဦးက Border News Agency ကိုပြောပါတယ်။
အဲဒီကန့်သတ်လိုက်တဲ့မြို့နယ်တွေထဲဲမှာ ရခိုင်ပြည်အတွင်းရှိ ၁၁/ မှတ်ပုံတင်ကိုင်ဆောင်တဲ့ မြို့နယ်အားလုံး၊ မန္တလေးတိုင်းမိုးကုတ်မြို့ ၉/မကန၊ ရှမ်းပြည်နယ် ၁၃/မှတ်ပုံတင်တွေအပြင် ကျောက်မဲ၊ လားရှိုး၊ နမ္မတူ၊ ကုန်းကြမ်းတွေလည်းပါဝင်နေပါတယ်။
အဲဒီအပြင် ကရင်ပြည်နယ်၊ မြဝတီနဲ့ ကော့ကရိတ်ဘက်မှပြန်လာသူတွေကိုလည်း အစစ်အဆေးပိုမိုတင်းကျပ်နေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
အဲဒီအပြင်စစ်ကိုင်းတိုင်းအတွင်းရှိ ၅/မုံရွာ၊ မြောင်၊ ရွှေဘိုစတဲ့မြို့နယ်တွေကို စစ်ကော်မရှင်တပ်က ကန့်သတ်ထားပြီး ခရီးသွားလာရာမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရတယ်လို့ ဆိုကြပါတယ်။
အဲဒီမြို့နယ်တွေမှ ပြည်သူတွေဟာမြို့ဝင် မြို့ထွက်ဂိတ်တွေမှာတောင် မှတ်ပုံတင်ကို အသေးစိတ်စစ်ဆေးခံရရုံသာမက ဖုန်းအတွင်းရှိအချက်အလက်တွေကိုပါ စစ်ဆေးခံနေရတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
“ငွေကောက်တာကတော့တကယ့်ကို အမှန်ပါပဲ။ ဒါပေမယ့်လူတိုင်းတော့မဟုတ်ဘဲ တခါတလေမှကြုံရတာမျိုးလည်းရှိတယ်။ ထောက်ခံစာကတော့မပါမဖြစ် ယူသွားရတယ်။ အထူးသဖြင့် ကျားဖြန့်လုပ်ငန်းနဲ့ ပတ်သက်တယ်လို့သံသယရှိသူတွေဆီက ပိုပြီးငွေညှစ်တောင်းခံတာတွေရှိတယ်။ တောင်ကြီးနဲ့မန္တလေးဘက်ကဂိတ်တွေမှာ ပိုပြီးကောက်ခံနေတာတွေ့ရတယ်။”လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
စစ်ကော်မရှင်တပ်ဟာ နိုင်ငံတစ်ဝှမ်းရှိ စစ်ရေးအခြေအနေနဲ့ နယ်မြေထိန်းချုပ်မှုတွေကြောင့် အဲဒီလိုမှတ်ပုံတင်နံပါတ်တွေအလိုက် ခရီးသွားလာခွင့်ကိုတင်းကျပ်ကန့်သတ်ထားတာဖြစ်ပြီး လမ်းခရီးမှာငွေကြေးမတက်နိုင်သူတွေလည်းရှိတယ်လို့ဆိုကြပါတယ်။
အဲဒီလို ငွေကြေးမတက်နိုင်သူတွေကို ဂိတ်တွေမှာနာရီပေါင်းများစွာ ထိန်းသိမ်းစစ်ဆေးခံရတာတွေနဲ့ လမ်းဝက်မှပြန်လှည့်ခိုင်းတာတွေလည်းရှိနေတယ်လို့ ခရီးသွားပြည်သူတွေကဆိုကြပါတယ်။
အဲဒီလုပ်ရပ်တွေကြောင့် ခရီးသွားပြည်သူတွေမှာ ငွေကြေးကုန်ကျမှုမြင့်မားလာတာအပြင် ဘေးကင်းလုံခြုံမှုအတွက်ပါ စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ ပြည်သူတွေကဆိုကြပါတယ်။






