Border News Agency
ကျောက်ဖြူ၊ ဖေဖော်ဝါရီ ၉။
မြန်မာနိုင်ငံတစ်ဝှမ်းမှာ စစ်ကော်မရှင်တပ်လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်း အမျိုးသမီးသေဆုံးသူငါးဆယ့်ငါးဦးရှိခဲ့ပြီး အဲဒီထဲမှာအာရက္ခဒေသက ဒုတိယအများဆုံးဖြစ်နေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စာရင်းတွေအရ ဇန်နဝါရီလအတွင်း အာရက္ခဒေသမှာ စစ်ကော်မရှင်ရဲ့တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးဆယ်ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဒါဟာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးသေဆုံးမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းမှာ သေဆုံးသူနှစ်ဆယ်ဦးပြီးရင် အာရက္ခဒေသဟာ ထိခိုက်သေဆုံးမှုအမြင့်မားဆုံး ဒေသတခုဖြစ်နေတာပါ။
သေဆုံးရတဲ့အဓိကအကြောင်းရင်းတွေမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေနဲ့ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ဖြစ်ပါတယ်။
အာရက္ခဒေသကို စစ်ကော်မရှင်တပ်က အရပ်သားတွေနေထိုင်ရာကျေးရွာတွေနဲ့ မြို့ပေါ်တွေကို ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် အခုလိုအမျိုးသမီးနဲ့ ကလေးငယ်တွေပါမကျန် ထိခိုက်သေဆုံးနေရတာ ဖြစ်တယ်လို့ဆိုပါတယ်။
တနိုင်ငံလုံးအတိုင်းအတာနဲ့ကြည့်ရင် သေဆုံးသူငါးဆယ့်ငါးဦးထဲမှာ အသက်ဆယ့်ရှစ်နှစ်အောက် အမျိုးသမီးငယ်လေးဦးနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးနှစ်ဦးလည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီးငါးဆယ့်လေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ လေကြောင်းတိုက်ခိုက်မှုအပြင် မြေမြှုပ်မိုင်းကြောင့်ထိခိုက်တာနဲ့ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုငါးဦးအထိ ရှိနေတယ်လို့ ဆိုပါတယ်။
အာရက္ခဒေသအပါအဝင် နိုင်ငံတဝှမ်းက စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေဟာလုံခြုံမှုမရှိတော့ဘဲ စစ်ကော်မရှင်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးအန္တရာယ်ကို နေ့စဉ်ရင်ဆိုင်နေကြရတဲ့ အခြေအနေဖြစ်ပါတယ်။






