Border News Agency
မင်းပြား၊ ဖေဖော်ဝါရီ ၁၂။
အာရက္ခတပ်တော်ထိန်းချုပ်ထားတဲ့ မင်းပြားမြို့နယ်၊ လေးမြို့မြစ်မှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့၊ နေ့လည် ၁၂ နာရီခွဲအချိန်ခန့်က ကလေးငယ်တဦး ရေနစ်သေဆုံးတယ်လို့ သိရပါတယ်။
အဲဒီမင်းပြားမြို့နယ်၊ ဆပ်ကျာ (မူဆလင်) ကျေးရွာမှ ဦးအာဘူလုရဲ့သား အသက်ရှစ်နှစ်အရွယ် မာမတ်ခါးဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဆပ်ကျာ (မူဆလင်) ကျေးရွာနေ မာမတ်ခါးဟာ မိဘတွေအလုပ်သွားနေချိန် ရွာအရှေ့ဘက်ရှိ လေးမြို့မြစ်ကမ်းစပ်မှာ တဦးတည်းရေချိုးနေချိန် ရေနစ်မြုပ်သွားတာလို့ ဒေသခံတွေက ဆိုကြပါတယ်။
ရေနစ်မြုပ်သွားပြီးနောက် ဒေသခံတွေချက်ချင်းရှာဖွေကယ်ဆယ်ရေးဆောင်ရွက်ခဲ့ပေမယ့် မာမတ်ခါးကို အသက်မကယ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။
ရေနစ်သေဆုံးသွားတဲ့ မာမတ်ခါးရဲ့ရုပ်အလောင်းကို ဖေဖော်ဝါရီ ၁၁ ရက်နေ့၊ ညနေပိုင်းမှာမိသားစုဝင်တွေနဲ့ ရွာသားတွေကသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့မောင်တောမြို့နယ်တောင်ပိုင်း၊ ကင်းချောင်းကျေးရွာမှာ ဖေဖော်ဝါရီလ ၃ ရက်နေ့ကလည်း ခြောက်နှစ်အရွယ်ကလေးငယ်တဦးနဲ့ အမျိုးသားတဦး ချောင်းဖြတ်ကူးတဲ့အချိန် ရေနစ်သေဆုံးခဲ့ပါတယ်။
အဲဒီကင်းချောင်းရွာမှ အသက်သုံးဆယ့်နှစ်နှစ်အရွယ်ကိုစံလှဖြူ နဲ့ အသက်ခြောက်နှစ်အရွယ် မောင်ခိုင်မြတ်လင်းတို့ ရေနစ်သေဆုံးခဲ့တာပါ။
အာရက္ခပြည်အတွင်းမှာ အခုလိုရေနစ်သေဆုံးမှုတွေဟာ မကြာခဏဆိုသလို ဖြစ်ပွားနေတာဖြစ်ပြီး ပြီးခဲ့တဲ့မိုးရာသီကာလအတွင်းမှာလည်း မြို့နယ်အသီးသီးမှာ ရေနစ်သေဆုံးသူ အများအပြားရှိခဲ့ပါတယ်။
အဲဒီလိုဖြစ်စဉ်တွေ များပြားနေတာကြောင့် မိသားစုဝင်တွေအနေနဲ့ မိမိတို့အိမ်က ကလေးငယ်တွေကို မြစ်၊ ချောင်းကမ်းစပ်တွေမှာအန္တရာယ်မဖြစ်အောင် အရင်ကထက်ပိုပြီးဂရုစိုက်ကြည့်ရှုကြဖို့ လိုအပ်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။






