ထိုင်း-မြန်မာနယ်စပ်၊ ချင်းရိုင်ခရိုင်၊မယ်ဖာလောင်မြို့နယ်မှာ ဆိုင်ကယ်တွေနဲ့ သယ်လာတဲ့စိတ်ကြွဆေးပြား ၉ သိန်းနီးပါးကို ဖေဖော်ဝါရီလ၁၁ ရက်၊ညနေပိုင်းမှာ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖမ်းဆီးရမိခဲ့ပါတယ်။
မယ်စလောင်နော့ကျေးရွာအုပ်စု ဘန်တတ်-ဘန်အာဘဲ လမ်းမှာ တာဝန်ရှိသူတွေ ကင်းလှည့်နေတုန်း မသင်္ကာစရာ Honda Wave ဆိုင်ကယ် ၂ စီးကို တားဆီးစစ်ဆေးရာကနေ အခုလို ဖမ်းမိခဲ့တာပါ။
အဲဒီဆေးဝါးသယ်လာသူ ၂ ဦးကတော့ ဆိုင်ကယ်တွေကို ထားပစ်ခဲ့ပြီး အမှောင်ထုကို အခွင့်ကောင်းယူကာ တောထဲကို ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။
ဆိုင်ကယ်ပေါ်မှာ တင်လာတဲ့ ဆာလာအိတ် ၄ အိတ်ထဲကနေ စိတ်ကြွဆေးပြား ၉ သိန်းတိတိ ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ တရားခံတွေကို မိဖို့အတွက် မယ်ဖာလောင်ရဲစခန်းက ဆက်လက်စုံစမ်းနေပါတယ်။
ဖာမိူင်းတပ်ဖွဲ့ရဲ့ ဒီနေ့ သတင်းစာရှင်းလင်းပွဲအရ ပြီးခဲ့တဲ့ ၄ လကျော်အတွင်း နယ်စပ်မှာ မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှု စုစုပေါင်း ၂၁၆ ကြိမ် ရှိခဲ့ပြီလို့ သိရပါတယ်။
အဲဒီကာလအတွင်း စိတ်ကြွဆေးပြား ၁၁၅ သန်းကျော်၊ အိုက်စ် ၂,၃၀၀ ကီလိုကျော်နဲ့ တခြားမူးယစ်ဆေးဝါး အများအပြား ဖမ်းမိခဲ့သလို ဖမ်းဆီးချိန်အတွင်း ပစ်ခတ်မှု ၃၂ ကြိမ်ဖြစ်ပွားခဲ့လို့ မူးယစ်ဂိုဏ်းဝင် ၁၆ ဦး သေဆုံးခဲ့ပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေသာ ဘန်ကောက်အထိ ရောက်သွားမယ်ဆိုရင် စီးပွားရေးအရ ထိခိုက်နစ်နာမှုတန်ဖိုး ဘတ် ၂၂,၈၀၀ သန်းကျော်အထိ ရှိနိုင်တယ်လို့ တာဝန်ရှိသူတွေက သုံးသပ်ထားပါတယ်။






