Border News Agency
ကျောက်တော်၊ ဖေဖော်ဝါရီ ၁၃ ။
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့မြောက်ဦးမြို့တွေကို စစ်ကော်မရှင်တပ်လေကြောင်းတိုက်ခိုက်လို့ ၃ လသားအရွယ်ကလေးငယ်တဦးအပါအဝင် အရပ်သား ၇ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာရသွားပါတယ်။
အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်နဲ့ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်က ဝေသာလီဟိုတယ်အနီးကို ဖေဖော်ဝါရီလ ၁၂ ရက်၊ ည ၉ နာရီကျော်အချိန်မှာ စစ်ကော်မရှင်တပ်လေကြောင်းမှ ရွယ်ရည်ချက်ရှိရှိတိုက်ခိုက်ခဲ့တာပါ။
အဲဒီလိုတိုက်ခိုက်ခဲ့တာကြောင့် ကျောက်တော်မြို့မှာ ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့သလို၊ မြောက်ဦးမြို့မှာလည်း ၃ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရသွားခဲ့ပါတယ်။
အဲဒီကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်မှအသက် ၂၃ နှစ်အရွယ် ဦးဆန်းဝင်းနဲ့ အသက် ၃၁ နှစ်အရွယ် ကိုညီချေတို့လည်းသေဆုံးသွားခဲ့ပါတယ်။
အဲဒီအပြင် ပိုက်သည်ရပ်ကွက်ကို စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာတဲ့ အသက် ၆၁ နှစ်အရွယ် ဒေါ်မစောလှ၊ အသက် ၅၃ နှစ်အရွယ်ဒေါ်အေးနုတို့ သေဆုံးသွားခဲ့ပါတယ်။
မြောက်ဦးမြို့မှာလည်း စစ်တွေ၊ ဗျိုင်းဖြူရွာမှ စစ်ဘေးရှောင်လာကြတဲ့ မိသားစုဝင်တွေဖြစ်တဲ့ ကိုအောင်လင်းစိုး၊ ဒေါ်သန္ဒာစိုးနဲ့ သူတို့ရဲ့ ၃ လသားအရွယ်သားမောင်အောင်လင်းဟိန်းတို့ သေဆုံးသွားခဲ့ရတာပါ။
စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်လိုက်နေတာကြောင့် အရပ်သားတွေ နေ့စဥ်သေဆုံး၊ ဒဏ်ရာရနေကြပါတယ်။






