ထိုင်း-မြန်မာနယ်စပ်၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်မြို့နယ်အတွင်း ၆ ဘီးတပ် ကုန်တင်ကားတစီးပေါ်မှာ သယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြား ၉,၉၇၀,၀၀၀ (၁၀ သန်းနီးပါး) ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဖာမိူင်းတပ်ဖွဲ့ (Pha Muang Force) က ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အဲဒီဖာမိူင်းတပ်ဖွဲ့နဲ့ နယ်မြေခံအထူးတပ်ဖွဲ့တွေဟာ ချင်းဒေါင်မြို့နယ်၊မိူင်းနမြို့နယ်ခွဲရှိ ရင်းလွမ်ကျေးရွာအနီး စစ်ဆေးရေးဂိတ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအတွက် စစ်ဆေးမှုတွေလုပ်ဆောင်စဉ် အခုလို ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
စစ်ဆေးရေးဂိတ်မှာ သံသယဖြစ်ဖွယ် ၆ ဘီးတပ်ကုန်တင်ကားတစီးကို တားဆီးစစ်ဆေးရာကနေ ကားအတွင်း အထူးပြုလုပ်ထားတဲ့ ဆာလာအိတ် ၅၀ နဲ့ ထည့်သွင်းသယ်ဆောင်လာတဲ့ စိတ်ကြွဆေးပြားတွေကို ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဖာမိူင်းတပ်ဖွဲ့တပ်မှူး ဗိုလ်ချုပ် သာသစ် ဝိုင်ယနွန့်ကတော့ ဒီဖမ်းဆီးမှုဟာ နယ်စပ်တစ်လျှောက် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး စစ်ဆင်ရေးရဲ့ ရလဒ်တခုဖြစ်တယ်လို့ သတင်းမီဒီယာတွေကို ထုတ်ဖော်ပြောကြားထားပါတယ်။
အဲဒီမူးယစ်ဆေးဝါးတွေနဲ့အတူ ကားမောင်းနှင်လာသူ အမျိုးသားတဦးကို လက်ရဖမ်းဆီးရမိခဲ့ပြီး သက်သေခံကုန်တင်ကားကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
အဲဒီတရားခံနဲ့ သက်သေခံပစ္စည်းအားလုံးကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ဖို့အတွက် နာဝိုင် (Na Wai) ရဲစခန်းဆီ ပို့ဆောင်လွှဲပြောင်းပေးထားတယ်လို့သိရပါတယ်။






