ယာဉ်မောင်းသေဆုံးမှုကြောင့် ပိတ်ပင်ထားခဲ့တဲ့ မီဇိုရမ်-ပလက်ဝ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတွေထဲက ရှာဟာ (Siaha) ခရိုင်ဘက်လမ်းပိုင်းကို ဖေဖော်ဝါရီလ၁၇ ရက်နေ့ကပြန်ဖွင့်လိုက်ပြီလို့ Mara Thyutlia Py (MTP) က ထုတ်ပြန်ပါတယ်။
အဲဒီလမ်းပိုင်းကို ဖေဖော်ဝါရီလ ၁၇ ရက်၊ ညနေ ၂ နာရီကစပြီး ပုံမှန်အတိုင်းပြန်လည်ဖြတ်သန်းခွင့်ပြုခဲ့တာဖြစ်လို့ ရပ်တန့်နေတဲ့ ကုန်စည်စီးဆင်းမှုတွေ ပြန်လည်စတင်နိုင်ပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဖြစ်ပွားခဲ့တဲ့ မီဇိုရမ်ယာဉ်မောင်း သေဆုံးမှုကြောင့် လောင်တလိုင်နဲ့ ရှာဟာခရိုင်ဘက်က လမ်းတွေကို ပိတ်ထားခဲ့ပေမယ့် အခုတော့ ရှာဟာလမ်းပိုင်းကို အရင်ဆုံး ပြန်ဖွင့်ပေးလိုက်တာပါ။
အဲဒီလမ်းပိုင်းကို ပြန်ဖွင့်လိုက်ပြီလို့ ဆိုပေမယ့် လက်တွေ့မှာတော့ သွားလာလို့ မရသေးတဲ့ အခြေအနေတွေရှိနေဆဲဖြစ်တယ်လို့ အာရက္ခဒေသကကုန်သည်တွေဆီကသိရပါတယ်။
လက်ရှိမှာတော့ နယ်စပ်တလျှောက် ကုန်တင်ယာဉ်အချို့ပြန်လည်ဝင်ထွက်နိုင်ဖို့ ကြိုးပမ်းနေကြသလို နယ်စပ်တည်ငြိမ်ရေးနဲ့ ကုန်သွယ်မှု လုံခြုံချောမွေ့စေရေးအတွက် သက်ဆိုင်ရာ နှစ်ဖက်အဖွဲ့အစည်းတွေအကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ သိရပါတယ်။






