Border News Agency
ထိုင်း၊ ဖေဖော်ဝါရီ ၁၉။
ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ သာချလွန်မြို့နယ်ရှိ နာရီစင်အနီးမှာ ဈေးရောင်းနေတဲ့ အထောက်အထားမဲ့ မြန်မာလုပ်သားနှစ်ဦးကို ခရိုင်အလုပ်သမားရုံး၊ ISOC နဲ့ စစ်ထောက်လှမ်းရေးအဖွဲ့တွေက ဖေဖော်ဝါရီလ ၁၈ ရက် မနေ့က ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဲဒီပူးပေါင်းအဖွဲ့တွေဟာ နိုင်ငံခြားသားတွေ ဝင်ရောက်လုပ်ကိုင်နေတာ ရှိ၊ မရှိ သိရဖို့အတွက် လမ်းဘေးဈေးသည်တွေကို ကွင်းဆင်းစစ်ဆေးရာကနေ အခုလိုဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာလုပ်သားနှစ်ဦးမှာ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မတွေ့ရှိရတဲ့အပြင်၊ နိုင်ငံခြားသားလုပ်သား စီမံခန့်ခွဲမှုဥပဒေနဲ့အညီ အရေးယူနိုင်ဖို့အတွက် သက်ဆိုင်ရာစုံစမ်းစစ်ဆေးရေးအရာရှိထံ လွှဲပြောင်းအပ်နှံထားတယ်လို့ သိရပါတယ်။
အခုလို ဖမ်းဆီးတာတွေဟာ စမွတ်စခွန်ခရိုင်အတွင်းမှာ နိုင်ငံခြားသားတွေအနေနဲ့ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတဲ့ လမ်းဘေးဈေးရောင်းတာမျိုးတွေ မလုပ်ဖို့တားမြစ်ထားတာကို ကြပ်မတ်ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
ဒေသခံအာဏာပိုင်တွေကတော့ နယ်မြေအတွင်းမှာ တရားမဝင်အလုပ်လုပ်ကိုင်နေသူတွေကို ဆက်တိုက် စစ်ဆေးသွားမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိမိတို့ကိုင်ဆောင်ထားတဲ့ အလုပ်လုပ်ခွင့်လက်မှတ်မှာ သတ်မှတ်ထားတဲ့အလုပ်အကိုင်အမျိုးအစားနဲ့ လုပ်ငန်းခွင်နေရာတွေမှာပဲ လုပ်ကိုင်ကြဖို့နဲ့ အလုပ်ရှင်အမည်ပေါက် မှန်ကန်ဖို့ကိုလည်း အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက အမြဲသတိပေးနေကြပါတယ်။






