စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အတွင်းမှာ လှုပ်ရှားနေတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးတပ်ဦး (BNRA) အဖွဲ့က ဒုတိယအဖွဲ့ခေါင်းဆောင် အပါအဝင် အဖွဲ့ဝင် ၅ ဦးဟာ ဖေဖော်ဝါရီလ ၂၀ ရက် မွန်းလွဲပိုင်းမှာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ စစ်ကော်မရှင်တပ်ကထုတ်ပြန်ပါတယ်။
အဲဒီအလင်းဝင်လာသူတွေထဲမှာ BNRA ရဲ့ ဒုတိယအဖွဲ့ခေါင်းဆောင်တဦး၊တတိယတာဝန်ခံတဦးနဲ့ အဖွဲ့ဝင် ၃ ဦး ပါဝင်ပြီး သူတို့နဲ့အတူ လက်နက်မျိုးစုံ ၅ လက်နဲ့ ဆက်စပ်ပစ္စည်းတွေကိုပါ ယူဆောင်လာခဲ့တယ်လို့ဆိုပါတယ်။
သူတို့ဟာ ပုလဲမြို့နယ်အတွင်းရှိ လုံခြုံရေးတပ်စခန်းတခုထံ လာရောက်ဆက်သွယ်ခဲ့ကြတာဖြစ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါး (ခ) နိုင်လင်း အလင်းဝင်သွားပြီးနောက်ပိုင်း အခုလို ထပ်မံဝင်ရောက်လာကြတာလည်း ဖြစ်ပါတယ်။
အဲဒီအဖွဲ့ဝင် ၅ ဦးကို နယ်မြေခံတပ်ဌာနချုပ်က တာဝန်ရှိသူတွေက လက်ခံထားပြီး လိုအပ်တဲ့ စိစစ်မှုတွေနဲ့ ထောက်ပံ့မှုတွေကို လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆက်လုပ်သွားမယ်လို့ဆိုပါတယ်။








