Border News Agency
ဘင်ဒရိုဘင်၊ ဖေဖော်ဝါရီ ၂၄။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင် (ရွာတော်ခရိုင်)၊ ရိုအန်ဆိုရီ (ဒေသအခေါ် ရခိုင်ဝ) အနီးရှိ မူရန်ဘဇားဒေသမှာ စစ်တကောင်းတောင်တန်းဒေသ ပြည်သူ့စည်းလုံးညီညွတ်ရေးအဖွဲ့ (JSS)အဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြည်သူ့ဆက်ဆံရေးဌာန (ISPR) က ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီတိုက်ပွဲဟာ ဖေဖော်ဝါရီလ ၂၃ ရက်၊ မနေ့ ညနေ ၅ နာရီအချိန်ခန့်မှာ ဘင်္ဂလားဒေ့ရှ်စစ်တပ်က ကင်းလှည့်စစ်ဆင်ရေးဆောင်ရွက်နေစဉ် JSS အဖွဲ့ဝင်တွေနဲ့ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ပစ်ခတ်မှုဖြစ်ပွားချိန်မှာ JSS အဖွဲ့ဝင်အချို့ဟာ အနီးရှိစာသင်ကျောင်းတကျောင်းအတွင်း ခိုလှုံရင်းပြန်လည်ဆုတ်ခွာသွားခဲ့ကြပြီး စစ်တပ်ကနယ်မြေရှင်းလင်းရေး ဆက်လက်လုပ်ဆောင်ရာမှာတော့ ဒဏ်ရာရရှိထားတဲ့ အဖွဲ့ဝင်တဦးကို ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲဖြစ်ပွားရာနေရာကနေ SMG စက်သေနတ် ၁ လက်၊ ကျည်ဆန် ၁၄၀ ကျော်နဲ့ အခြားစစ်အသုံးအဆောင်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ပြီး ဖမ်းဆီးရမိတဲ့ဒဏ်ရာရသူကိုတော့ ဘင်ဒရိုဘင်ခရိုင်ဆေးရုံကို အရေးပေါ် ပို့ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။
JSS အဖွဲ့ဟာ စစ်တကောင်းတောင်တန်းဒေသရှိ သက် (Chakma)၊ မရာမာ (Marma) အပါအဝင် လူမျိုးစု ၁၁ ခုရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတခုဖြစ်ပါတယ်။






