Border News Agency
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄။
စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက်မှာ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေ ချက်ချင်းချမှတ်ပေးဖို့ Justice For Myanmar (JFM) က တောင်းဆိုလိုက်ပါတယ်။
အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတေးလျအစိုးရတွေအနေနဲ့ မြန်မာနိုင်ငံဆီ လေယာဉ်ဆီတင်ပို့မှုတွေကို အသေအချာတားမြစ်ပိတ်ပင်ပေးဖို့ တိုက်တွန်းထားတာပါ။
စစ်ကော်မရှင်တပ်ဟာ ၂၀၂၅ ခုနှစ်အတွင်းမှာတင် မြန်မာပြည်သူတွေအပေါ် မကြုံစဖူးများပြားလှတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ JFM က ဆိုပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ လူမှုအသိုင်းအဝိုင်းတွေ ပျက်စီးခဲ့ရသလို၊ ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူအများအပြား နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတာပါ။
စစ်ကော်မရှင်တပ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ရဲ့ အချက်အလက်တွေအရ လေယာဉ်ဆီတင်သွင်းမှုဟာ ၂၀၂၄ ကနေ ၂၀၂၅ အတွင်းမှာ မတ်ထရစ်တန် ၆ သောင်းကျော်ကနေ ၁ သိန်းကျော်အထိ (နှစ်ဆနီးပါး) တိုးလာနေတာကို တွေ့ရပါတယ်။
ဒါဟာ နိုင်ငံတကာကတားဆီးနေတဲ့ကြားက စစ်ကော်မရှင်တပ်ဆီ လေယာဉ်ဆီတွေ ပိုမိုရောက်ရှိနေတာကို ပြသနေတာလို့ ဆိုပါတယ်။
JFM ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ဗီယက်နမ်ကနေ အီရန်အထိကျယ်ပြန့်တဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုက စစ်ကော်မရှင်တပ်ရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို လောင်စာဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် အာဆီယံအဖွဲ့ဝင် ဗီယက်နမ်နိုင်ငံ ပါဝင်ပတ်သက်နေမှုဟာ မြန်မာ့အကျပ်အတည်းအပေါ် အာဆီယံရဲ့ ပျက်ကွက်မှုကို ထင်ရှားစေတယ်လို့ ဝေဖန်ထားပါတယ်။
အဲဒီထဲ ခုလက်ရှိကနေဒါနိုင်ငံတနိုင်ငံတည်းကသာ လေယာဉ်ဆီတင်ပို့မှု၊ ရောင်းချမှုနဲ့ ရေကြောင်းအာမခံဝန်ဆောင်မှုတွေကို တရားဝင်ပိတ်ပင်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒါကြောင့် အခြားအစိုးရတွေအနေနဲ့လည်း ဒီသွေးစွန်းနေတဲ့ ကုန်သွယ်မှုကို အဆုံးသတ်နိုင်ဖို့အတွက် ကနေဒါရဲ့ ဦးဆောင်မှုအတိုင်း လိုက်နာဆောင်ရွက်ဖို့ JFM က တိုက်တွန်းထားပါတယ်။
စစ်ကော်မရှင်တပ်ဆီရောက်သွားတဲ့ လေယာဉ်ဆီတင်ပို့မှုတိုင်းဟာ ပြည်သူတွေကို ဝေဟင်ကနေအကြမ်းဖက်ဖို့ အားပေးနေတာဖြစ်လို့ ပါဝင်ပတ်သက်နေတဲ့ သင်္ဘောပိုင်ရှင်တွေနဲ့ ကုမ္ပဏီတွေကို အရေးယူဖို့အလွန်အရေးကြီးနေတယ်လို့ ဆိုပါတယ်။
မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ဟာ ဒီလိုပိတ်ဆို့အရေးယူမှုတွေ အဆောတလျင်လုပ်ဆောင်နိုင်မှုအပေါ်မှာ မှီခိုနေတယ်လို့လည်း ဆိုပါတယ်။






