အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးငူရွာက ဈေးဆိုင်တန်းကို စစ်ကော်မရှင်တပ်ရွယ်ရည်ချက်ရှိရှိလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် အပြစ်မဲ့ပြည်သူ ၁၇ ဦး သေဆုံးခဲ့ရတဲ့အပေါ် လူသားချင်းစာနာထောက်ထားရေးနဲဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) ကကန့်ကွက်ရှုတ်ချလိုက်ပါတယ်။
အဲဒီ စစ်ကော်မရှင်တပ်ရဲ့လူမဆန်တဲ့ တိုက်ခိုက်ခဲ့လီု့ ပြည်သူ ၁၄ ဦးလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားခဲ့ရပြီးအားလုံးဟာ သွေးအိုင်ထဲမှာ ရက်စက်စွာ ပေးဆပ်ခဲ့ရတာဖြစ်တယ်လို့ဆိုပါတယ်။
စစ်ရေးနဲ့ လုံးဝသက်ဆိုင်တာမရှိတဲ့ ကျေးရွာဈေးတန်းကို နေ့ခင်းကြောင်တောင် လေကြောင်းတိုက်ခိုက်တာဟာ နိုင်ငံတကာ စစ်ရာဇဝတ်မှုကိုပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်လို့ HDCO က ဆိုပါတယ်။
ဒါဟာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ ဂျီနီဗာကွန်ဗင်းရှင်းပါ အခြေခံမူတွေကို စစ်ခေါင်းဆောင်က ဗြောင်ကျကျချိုးဖောက်ပြီး လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်လိုက်တာပဲ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် ပြည်သူပိုင်နေအိမ်တွေနဲ့ ဈေးဆိုင်တွေလည်း ပျက်စီးဆုံးရှုံးခဲ့ရပြီး ရွာထဲမှာအပိုင်းပိုင်းပြတ်နေတဲ့ ရုပ်အလောင်းတွေနဲ့အတူ ဒေသခံတွေဟာ အလွန်တရာတုန်လှုပ်ခြောက်ခြားနေကြရပါတယ်။
စစ်ခေါင်းဆောင်ဟာ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဘာမဆိုင်တဲ့ကလေးငယ်တွေကိုပါမချန်ပစ်မှတ်ထားသတ်ဖြတ်နေတာဟာ ကမ္ဘာကသိသင့်တဲ့ အကြမ်းဖက်မှုအစစ်အမှန်ပဲ ဖြစ်ပါတယ်။
HDCO အနေနဲ့ ထိခိုက်သေဆုံးသွားတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရတယ်လို့ ပြောကြားထားပြီး လိုအပ်တဲ့ ကူညီထောက်ပံ့မှုတွေကို တခြားအာရက္ခဌာနတွေနဲ့ ပူးပေါင်းကာ အမြန်ဆုံး စီမံဆောင်ရွက်ပေးနေပါတယ်လို့ဆိုပါတယ်။
ဒဏ်ရာရထားသူတွေထဲမှာလည်း စိုးရိမ်ရသူတွေ ပါဝင်နေတာကြောင့် သေဆုံးသူအရေအတွက် ထပ်တိုးလာမှာကို အားလုံးက စိုးရိမ်နေကြတယ်လို့ဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း စစ်ခေါင်းဆောင်ရဲ့အခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေကို ကြည့်မနေဘဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ ချက်ချင်းဟန့်တားပေးဖို့ HDCO ကတောင်းဆိုထားပါတယ်။









