Border News Agency
အိုမန်၊ မတ် ၂။
အမေရိကန်ရဲ့ပိတ်ဆို့အရေးယူမှု ခံထားရတဲ့ ပလောင်းနိုင်ငံအလံတင် Skylight ရေနံတင်သင်္ဘောဟာ အိုမန်နိုင်ငံကမ်းလွန်မှာ တိုက်ခိုက်ခံခဲ့ရတယ်လို့ အိုမန်ရေကြောင်းလုံခြုံရေးဗဟိုဌာနက ထုတ်ပြန်လိုက်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ပါ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ပေမယ့် ဘယ်လိုအရာနဲ့ တိုက်ခိုက်ခံရတယ်ဆိုတာကိုတော့ အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်ကို ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အီရန်ဘက်က ပင်လယ်ကွေ့နိုင်ငံတွေကို လက်စားချေတိုက်ခိုက်မှုတွေ လုပ်ဆောင်နေချိန်မှာ အခုလို အိုမန်နိုင်ငံအနီးက ပစ်မှတ်တွေ ပထမဆုံးအကြိမ် တိုက်ခိုက်ခံလာရတာ ဖြစ်ပါတယ်။
အဲဒီ တိုက်ခိုက်ခံရတဲ့သင်္ဘောဟာ Skylight ဖြစ်ကြောင်း သင်္ဘောရဲ့ ပုံသဏ္ဌာန်နဲ့ ဆေးရောင်တွေကို ကြည့်ပြီး Reuters သတင်းဌာနမှာလည်းဖော်ပြထားပါတယ်။
အိုမန်ရေကြောင်းလုံခြုံရေးဗဟိုဌာနရဲ့ အဆိုအရ ဒီတိုက်ခိုက်မှုဟာ မတ်လ ၁ ရက်နေ့မှာ အိုမန်နိုင်ငံ၊မူဆန်ဒမ် (Musandam) ကမ်းခြေကနေ ၅ မိုင်ခန့်အကွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
အဲဒီသင်္ဘောခြေရာခံအချက်အလက်တွေအရလည်း သင်္ဘောဟာ အိုမန်ကမ်းလွန်မှာ ရှိနေခဲ့တာကို အတည်ပြုနိုင်ခဲ့ပါတယ်။






