Border News Agency
လယ်ဒို၊ မတ် ၅။
လယ်ဒိုမြို့နယ်မှာ စစ်ကော်မရှင်တပ်မှ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားတယ်လို့ ကရင်အမျိုးသားအစည်းအရုံးမှ မတ်လ ၄ရက်၊ မနေ့ကထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်ခဲ့တာကြောင့် အရပ်သားနှစ်ဦးဒဏ်ရာရသွားခဲ့ပြီး စာသင်ကျောင်းတကျောင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၂၅ ရက်နေ့က စစ်ကော်မရှင်တပ် ခလရ-၂၆၄ တပ်ရင်းမှ ၈၁ မမ လက်နက်ကြီး တလုံးပစ်ခတ်ခဲ့တာကြောင့် တောင်ခင်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့လို့ စာသင်ကျောင်းတကျောင်းပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မတ်လ ၂ရက်နေ့ကလည်း စစ်ကော်မရှင်တပ်မှ ၁၂၀ မမ ခြောက်လုံးပစ်ခတ်ခဲ့လို့ ကညင်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကညင်ကျွန်းကျေးရွာနေ အသက်နှစ်ဆယ့်ခုနှစ်နှစ်အရွယ် စောအယ်တော်စေး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
နောက်ပြီး စစ်ကော်မရှင်တပ်မှ ကျွန်းကြီးကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီးနှစ်လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျွန်းကြီးကျေးရွာနေ အသက်နှစ်ဆယ့်ရှစ်နှစ်အရွယ် စောအယ်ကော်စေး ဒဏ်ရာရသွားခဲ့တယ်လို့ ဆိုပါတယ်။






