Border News Agency
ဝါရှင်တန်၊ မတ် ၅။
ကူဝိတ်နိုင်ငံ Shuaiba ဆိပ်ကမ်းမှာ အီရန်ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သည် ၂ ဦး ထပ်မံသေဆုံးသွားတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထုတ်ပြန်လိုက်ပါတယ်။
အဲဒီ အသက် ၄၅ နှစ်အရွယ် Major Jeffrey R. O’Brien နဲ့ Chief Petty Officer (Special) Class 3 Robert M. Marzan တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ မတ်လ ၁ ရက်နေ့က ဆိပ်ကမ်းမှာတိုက်ခိုက်ခံရစဉ်သေဆုံးခဲ့တာဖြစ်ပြီး ခုအမည်၊ ဓာတ်ပုံနဲ့တကွအတည်ပြုထုတ်ပြန်တာပါ။
ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့ကလည်းအဲဒီဆိပ်ကမ်းမှာပဲ အီရန်ဒရုန်းဝင်တိုက်ခဲ့တာကြောင့် အိုင်အိုဝါအခြေစိုက် အမှတ် ၁၀၃ ထောက်ပံ့ရေးတပ်ဖွဲ့က ဗိုလ်ကြီးကိုဒီအေ.ကော့ခ်အပါအဝင် အရန်တပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ရပါတယ်။
အဲဒါကြောင့် လက်ရှိအီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲအတွင်း အမေရိကန်စစ်သည် သေဆုံးသူ စုစုပေါင်း ၆ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
အီရန်ဟာ အရှေ့အလယ်ပိုင်းတစ်ခွင်မှာ ဒုံးကျည်နဲ့ဒရုန်းအမြောက်အမြားအသုံးပြုပြီး တိုက်ခိုက်နေတယ်လို့ အမေရိကန်ဗဟိုစစ်ဌာနချုပ် (CENTCOM) ရဲ့ ထုတ်ပြန်ထားပါတယ်။
အမေရိကန် လုံခြုံရေးအရာရှိတွေကတော့ အီရန်ရဲ့ဒရုန်းတိုက်ခိုက်မှုတွေကို အပြည့်အဝတားဆီးနိုင်ဖို့ ခက်ခဲနေဆဲဖြစ်လို့ ရှေ့လျှောက်အသေအပျောက်တွေ ထပ်ရှိလာနိုင်တယ်လို့သတိပေးထားပါတယ်။






