Border News Agency
နေပြည်တော်၊ မတ် ၅။
ဈေးကွက်ထဲက အလှကုန်တချို့မှာ ကျန်းမာရေးအတွက် အန္တရာယ်ရှိတဲ့တားမြစ်ဓာတုပစ္စည်းတွေပါနေတာကြောင့် အလှကုန် ၂ မျိုးကို သုံးစွဲဖို့မသင့်ဘူးလို့ အစားအသောက်နဲ့ဆေးဝါးကွပ်ကဲရေးဦးစီးဌာန က မတ်လ ၅ ရက်၊ ဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီအလှကုန်ပစွည်းတွေဖြစ်တဲ့ ထိုင်ဝမ်နိုင်ငံထုတ် Lianilo DL (Whitening Cream/Day Cream)နဲ့ ထိုင်းစာနဲ့ ရေးထားတဲ့ MILA COLOR (Chocolate Blusher) တို့ဖြစ်ပါတယ်။
ဒီပစ္စည်းတွေထဲမှာ ကျောက်ကပ်ကိုပျက်စီးစေနိုင်တဲ့ ပြဒါး(Mercury)နဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ ဆိုးဆေး (Rhodamine B)တွေ ပါဝင်နေတာပါ။
ဒီလိုတားမြစ်ဓာတုပစ္စည်းတွေပါတဲ့ အလှကုန်တွေကိုသုံးမိရင် အရေပြားယားယံတာ၊ ယအဖြူအနီကွက်တွေ ဖြစ်တာမျိုး ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ခန္ဓာကိုယ်ထဲစိမ့်ဝင်သွားရင်လည်း ခြေလက်တွေထုံကျင်တာ၊ တုန်ခါတာနဲ့ခေါင်းကိုက်တာအပြင် စိတ်ကျရောဂါတွေထိ ဖြစ်လာနိုင်ပါတယ်။
ဒီအလှကုန်တွေကို ရေရှည်သုံးစွဲမယ်ဆိုရင် ကျောက်ကပ်ပျက်စီးတာမျိုးနဲ့ တခြားရောဂါဆိုးတွေကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။
ဒါကြောင့် အများပြည်သူတွေအနေနဲ့ ဒီပစ္စည်းတွေကိုဝယ်ယူသုံးစွဲတာမျိုး လုံးဝမလုပ်ကြဖို့ FDA က အသိပေးထားပါတယ်။
ဒီအလှကုန်တွေကို တင်သွင်းဖြန့်ဖြူးရောင်းချနေတဲ့ ကုမ္ပဏီတွေနဲ့ ဆိုင်တွေအနေနဲ့လည်း ရောင်းချတာကို ချက်ချင်းရပ်ရမှာပါ။
လိုက်နာတာမရှိဘဲ ဆက်ရောင်းနေမယ်ဆိုရင် ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေနဲ့အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဆိုပါတယ်။






