Border News Agency
စနာန်ဒက်ချ်၊ မတ် ၆။
အီရန်နိုင်ငံအနောက်ပိုင်း၊ စနာန်ဒက်ချ်မြို့မှာရှိတဲ့ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့အီမာမ်အလီ စစ်စခန်းကို အမေရိကန်နဲ့ အစ္စရေးတို့က မတ်လ ၅ ရက်၊ညနေပိုင်းကလေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာဖော်ပြထားပါတယ်။
အဲဒီတိုက်ခိုက်မှုဟာ ဒေသတွင်းတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ်လာတာဖြစ်ပြီး အီရန်ရဲ့အရေးပါတဲ့ စစ်ရေးအခြေခံအဆောက်အအုံတွေကို ဖျက်ဆီးဖို့ ရည်ရွယ်တာလို့ စစ်ရေးလေ့လာသူတွေက ဆိုပါတယ်။
မျက်မြင်သက်သေတွေရဲ့ ပြောပြချက်အရ စစ်စခန်းအတွင်းမှာအားပြင်းတဲ့ ပေါက်ကွဲမှုကြီးတွေ ဖြစ်ပွားခဲ့ပြီး မီးခိုးလုံးကြီးတွေလည်း ကောင်းကင်ယံအထိ တက်လာတာကို တွေ့မြင်ခဲ့ရတယ်လို့ ဆိုကြပါတယ်။
လက်ရှိမှာတော့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေအသေးစိတ်ကို IRGC ဘက်က ထုတ်ပြန်တာ မရှိသေးဘဲ နယ်မြေအတွင်း လုံခြုံရေးတွေကို အထူးတင်းကျပ်ထားတယ်လို့ဆိုပါတယ်။
အမေရိကန်နဲ့ အစ္စရေးဘက်ကတော့ ဒီစစ်ဆင်ရေးနဲ့ပတ်သက်ပြီး တရားဝင် ထုတ်ပြန်ပြောဆိုတာ မရှိသေးပေမယ့် အီရန်ရဲ့ စစ်ရေးခြိမ်းခြောက်မှုတွေကို တုံ့ပြန်သွားမယ်လို့ အရင်ကတည်းက သတိပေးထားတာပါ။






