Border News Agency
ပန်တဂွန်၊ မတ် ၆။
နိုင်ငံတကာရေပြင်မှာရှိနေတဲ့ အီရန်စစ်သင်္ဘော အိုင်ရစ် ဒေးနား(IRIS Dena) ကို အမေရိကန် တိုက်ခိုက်ရေးငုပ်သင်္ဘောက တော်ပီဒိုနဲ့ ပစ်ခတ်နစ်မြုပ်လိုက်တယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပီ့တ်ဟက်ဂ်ဆက်သ်ကမတ်လ ၄ ရက်နေ့က အတည်ပြု ပြောကြားလိုက်ပါတယ်။
ဒီတိုက်ခိုက်မှုဟာ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာစစ်ပြီးကတည်းကဆိုရင် အမေရိကန်ငုပ်သင်္ဘောတစ်စီးကနေ ရန်သူ့စစ်သင်္ဘောကို တော်ပီဒိုနဲ့ ပစ်ခတ်နစ်မြုပ်လိုက်တဲ့ ပထမဆုံးအကြိမ်အဖြစ် ပန်တဂွန်စစ်ဌာနချုပ်က သတ်မှတ်လိုက်ပြီး သမိုင်းဝင် စစ်ဆင်ရေးတခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။
အီရန်စစ်သင်္ဘော နစ်မြုပ်သွားတဲ့နေရာကို သီရိလင်္ကာရေတပ်က သွားရောက်ကူညီခဲ့ရာမှာ ရုပ်အလောင်း ၈၇ လောင်းကို ဆယ်ယူနိုင်ခဲ့ပြီး လူ ၃၂ ဦးကိုတော့ အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့ပါတယ်။
အီရန်ဘက်ကတော့ သင်္ဘောပေါ်မှာ သင်္ဘောသား ၁၃၀ နီးပါး ပါဝင်တယ်လို့ ပြောထားတာကြောင့် ကျန်တဲ့သူတွေ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။
အမေရိကန်ဘက်က ထုတ်ပြန်တဲ့ ဗီဒီယိုမှတ်တမ်းတွေမှာတော့ သင်္ဘောအမြီးပိုင်းနားမှာ ယအားပြင်းတဲ့ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီးနောက် သင်္ဘောဟာ ရေအောက်ကို တဖြည်းဖြည်း နစ်မြုပ်သွားတာကို တွေ့မြင်ရပါတယ်။
အမေရိကန်စစ်ဗိုလ်ချုပ်ကြီးတွေကတော့ ဒါဟာ ငုပ်သင်္ဘောတွေရဲ့စွမ်းဆောင်ရည်ကို ပြသလိုက်တာလို့ ဆိုပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီးကတော့ အမေရိကန်ဟာ နိုင်ငံတကာရေပြင်မှာ ရန်စကျူးကျော်မှု ကျူးလွန်ခဲ့တာဖြစ်ပြီး ဒီလုပ်ရပ်အတွက် အမေရိကန်ဘက်က ပြင်းပြင်းထန်ထန် နောင်တရစေရမယ်လို့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် သတိပေး တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်စစ်တပ်ဟာ ပြီးခဲ့တဲ့အပတ်ကစလို့ အီရန်ရဲ့ ရေတပ်အင်အားကို ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပြီး အခုနစ်မြုပ်သွားတဲ့ စစ်သင်္ဘောအပါအဝင် အီရန်ပိုင် သင်္ဘောနဲ့ ငုပ်သင်္ဘော ၁၇ စီးထက်မနည်းကို ဖျက်ဆီးနိုင်ခဲ့ပြီလို့လည်း ထုတ်ပြန်ထားပါတယ်။






