Border News Agency
ဝါရှင်တန်၊ မတ် ၆။
အီရန်နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်သစ်ကိုရွေးချယ်တဲ့နေရာမှာ အမေရိကန်နိုင်ငံအနေနဲ့ ပါဝင်ပတ်သက်မှုရှိရမယ်လို့ သမ္မတဒေါ်နယ်ထရန့်က ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောကြားလိုက်ပါတယ်။
သမ္မတထရန့်ကအီရန်ခေါင်းဆောင်သစ်ဟာ စစ်ပွဲအစမှာတိုက်ခိုက်ခံရလို့ သေဆုံးသွားတဲ့အီရန်ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာအလီခါမေနီရဲ့ သားဖြစ်သူ ဖြစ်လာဖို့မရှိဘူးလို့ဆိုပါတယ်။
ဒါ့အပြင် အီရတ်နိုင်ငံမှာအခြေစိုက်တဲ့ အီရန်ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ အီရန်နိုင်ငံထဲကိုဝင်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့တွေကို တိုက်ခိုက်မယ်ဆိုရင်လည်း အားပေးထောက်ခံသွားမယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
”ကျွန်တော်တို့ဟာ အီရန်နိုင်ငံနဲ့အတူ ခေါင်းဆောင်သစ်ကို ရွေးချယ်သွားရမှာပါ။ ၅ နှစ်တခါ ဒီလိုပြဿနာမျိုးတွေ ထပ်မဖြစ်အောင် အနာဂတ်မှာအီရန်ကိုဦးဆောင်မယ့်သူဟာ ပြည်သူတွေအတွက်ရော၊ နိုင်ငံအတွက်ပါ ကောင်းမွန်တဲ့သူ ဖြစ်စေချင်ပါတယ်”လို့ ထရန့်က ပြောပါတယ်။
အခုလို ပြောဆိုချက်ဟာ အမေရိကန်နဲ့အစ္စရေးတို့ အီရန်ကိုစတင်တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ခုဖြစ်ပွားနေတဲ့ စစ်ပွဲအတွင်းအမေရိကန်စစ်သည် ၆ ဦးအပါအဝင် လူပေါင်း ၁,၀၀၀ ကျော် သေဆုံးထားပြီဖြစ်ပါတယ်။






