Border News Agency
မောင်တော၊ မတ် ၈။
မြန်မာနိုင်ငံတဝှမ်းဖြစ်ပွားနေတဲ့ ပဋိပက္ခနဲ့အကျပ်အတည်းတွေကြားမှာ မိသားစုနဲ့လူမှုအသိုက်အဝန်းပြိုကွဲမသွားအောင် ထိန်းကျောင်းပေးနေရတဲ့အမျိုးသမီးတွေရဲ့အခြေအနေကို ကုလသမဂ္ဂက မတ်လ ၈ ရက်၊ ဒီနေ့ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ ထောက်ပြလိုက်ပါတယ်။
အဲဒီကျန်းမာရေးနဲ့ ပညာရေးစနစ်တွေပျက်ယွင်းနေတာကြောင့် အမျိုးသမီးတွေဟာဘယ်ပံ့ပိုးကူညီမှုမှမရှိဘဲ ပြုစုစောင့်ရှောက်သူတွေဖြစ်လာရသလို မိန်းကလေးငယ်တွေဟာလည်း ပညာသင်ကြားခွင့်ကို အရင်ဆုံးဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။
အဲဒီထဲအထူးသဖြင့် စားနပ်ရိက္ခာရှားပါးလာတဲ့အခါမှာ အမျိုးသမီးတွေဟာမိသားစုဝင်တွေအတွက် သူတို့ရဲ့စားနပ်ရိက္ခာဝေစုကို လျှော့ချစားသောက်ပြီး အလွန်အမင်းခက်ခဲတဲ့ဖိအားတွေအောက်မှာ ကြံ့ကြံ့ခံရပ်တည်နေကြရတာပါ။
ဒါပေမယ့် ဒီလိုကြံ့ကြံ့ခံနိုင်ရည်ရှိနေရုံနဲ့တင် မလုံလောက်ဘဲနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ (IDP) အမျိုးသမီးတွေအပါအဝင် အမျိုးသမီးတိုင်းဆီကို အခွင့်အရေး၊ တရားမျှတမှုနဲ့လက်တွေ့ကျတဲ့ အကူအညီတွေမဖြစ်မနေရောက်ရှိဖို့ လိုအပ်တယ်လို့ကုလသမဂ္ဂကထောက်ပြထားပါတယ်။
အဲဒီအပြင်အမျိုးသမီးတွေကိုအကြမ်းဖက်မှုတွေကနေ ကာကွယ်ပေးဖို့၊ မြန်မာနိုင်ငံရဲ့အနာဂတ်ကို ပုံဖော်မယ့် ဆုံးဖြတ်ချက်တွေမှာ အဓိပ္ပာယ်ရှိရှိပါဝင်ခွင့်ပေးဖို့နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ သူတို့ရဲ့ခေါင်းဆောင်မှုကို ပံ့ပိုးပေးဖို့လည်း တိုက်တွန်းထားပါတယ်။
အဲဒါကြောင့်ခုနှစ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ မြန်မာအမျိုးသမီးတွေရဲ့သတ္တိကိုအသိအမှတ်ပြုရုံတင်မကဘဲ သူတို့အတွက်လိုအပ်တဲ့ အကာအကွယ်ပေးမှုတွေနဲ့ရေရှည်တည်တံ့တဲ့ ပံ့ပိုးကူညီမှုတွေကိုဖော်ဆောင်ပေးကြဖို့ ကုလသမဂ္ဂကတိုက်တွန်းထားပါတယ်။






