Border News Agency
ကူဝိတ်၊ မတ် ၈။
ကူဝိတ်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် အရာရှိ ၂ ဦးဟာ အီရန်ဘက်ကလို့ယူဆရတဲ့ ဒရုန်းတိုက်ခိုက်မှုအတွင်း ကျဆုံးသွားခဲ့တယ်လို့ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၈ ရက်၊ဒီနေ့တရားဝင် ထုတ်ပြန်ပါတယ်။
အဲဒီ ကျဆုံးသွားတဲ့ အရာရှိတွေကတော့ ဒုတိယဗိုလ်မှူးကြီးအဗ္ဗဒူလာ အီမတ် အလ်-ရှားရား (Lt. Col. Abdullah Emad Al-Sharrah) နဲ့ ဗိုလ်မှူး ဖာ့ဒ် အဗ္ဗဒူလာဇစ် အလ်-မူဂျာမတ် (Maj. Fahd Abdulaziz Al-Mujammad) တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ မိမိနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့ လုံခြုံရေးကို ကာကွယ်ရင်း တာဝန်ထမ်းဆောင်နေစဉ်မှာ အခုလို ကျဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းမှာအီရန်ကဒရုန်းနဲ့ ဒုံးကျည်တွေကို အမြောက်အမြား အသုံးပြုပြီး တိုက်ခိုက်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေမှာပါ အသေအပျောက်တွေ ရှိလာနေတာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကူဝိတ်နိုင်ငံ Shuaiba ဆိပ်ကမ်းမှာ အီရန်ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် အမေရိကန်စစ်သည် ၆ ဦးအထိ သေဆုံးခဲ့ရပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ဗိုလ်ကြီး ကိုဒီ အေ. ကော့ခ် အပါအဝင် အရန်တပ်ဖွဲ့ဝင် ၄ ဦးနဲ့ ဗိုလ်မှူး ဂျက်ဖရီ အိုဘရိုင်ယန် အပါအဝင် စစ်သည် ၂ ဦး၊ စုစုပေါင်း အမေရိကန်စစ်သည် ၆ ဦး သေဆုံးခဲ့ရတယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က အတည်ပြုထားပါတယ်။
အမေရိကန်လုံခြုံရေးအရာရှိတွေကတော့ အီရန်ရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို အပြည့်အဝ တားဆီးဖို့ခက်ခဲနေဆဲဖြစ်လို့ နောက်ထပ် အသေအပျောက်တွေ ထပ်ရှိလာနိုင်တယ်လို့ သတိပေးထားပါတယ်။






