Border News Agency
မောင်တော၊မတ် ၉။
ကချင်၊ ချင်း၊ ရခိုင်သို့ စက်သုံးဆီ သယ်ယူရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ပြည်ထဲရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနရဲ့ တရားဝင်ဖြတ်သန်းခွင့်ပြုမိန့် ပါမှ သယ်ဆောင်ခွင့်ပြုမယ်လို့ NUG၊ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီမှ မတ်လ ၆ ရက်နေ့မှာထုတ်ပြန်ပါတယ်။
အခုလို စက်သုံးဆီသယ်ယူပို့ဆောင်မှုတွေကို စနစ်တကျထိန်းကျောင်းရတာဟာ အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြောင့် နိုင်ငံတကာမှာစက်သုံးဆီအခက်အခဲတွေဖြစ်ပေါ်နေပြီး ဒေသတွင်းမှာပြည်သူတွေအတွက် ဆီဖူလုံစေဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
အဲဒီလမ်းညွှန်ချက်အရ စက်သုံးဆီ ပို့ဆောင်မယ့်သူတွေအနေနဲ့ NUG ထိန်းချုပ်နယ်မြေတွေကို ဖြတ်သန်းသွားလာမယ်ဆိုရင် သက်ဆိုင်ရာမဟာမိတ်အဖွဲ့အစည်းတွေ၊ NUG အစိုးရနဲ့ ကြိုတင်ညှိနှိုင်းဆောင်ရွက်ရမယ်လို့ဆိုတယ်။
အဲဒီထဲ အထူးသဖြင့် မိမိတို့ထိန်းချုပ်ရာ နယ်မြေဒေသအတွင်းကို စက်သုံးဆီ အဝင် ကိုသာခွင့်ပြုပေးမှာဖြစ်ပြီး နယ်မြေကျော်ပြီး အခြားတဖက်ကို ပြန်လည်စီးဆင်းမယ့် အထွက် ကိုတော့ လုံးဝ(လုံးဝ) ခွင့်မပြုဖို့တားမြစ်ထားပါတယ်။
NUG အနေနဲ့ ဒီလုပ်ငန်းစဉ်တွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေ လိုအပ်တဲ့ ညွှန်ကြားချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်သလို မြို့နယ်အဆင့် အခွန်တော်ကောက်ခံရေးဂိတ်တွေအနေနဲ့လည်း ဒီညွှန်ကြားချက်ကို တိတိကျကျ လိုက်နာဆောင်ရွက်ရမယ်လို့ဆိုပါတယ်။






