Border News Agency
အီရန်၊ မတ် ၁၀။
အီရန်နိုင်ငံတောင်ပိုင်း၊ မီနပ်မြို့က မိန်းကလေးမူလတန်းကျောင်းတကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုမှာ အမေရိကန်ရဲ့ လက်ချက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုသမ္မတထရမ့်က ငြင်းဆိုလိုက်ပါတယ်။
အဲဒီကျောင်းကို တိုက်ခိုက်ခဲ့တဲ့တိုမာဟောဒုံးကျည်မျိုးဟာ အီရန်အပါအဝင်အခြားနိုင်ငံအချို့မှာလည်းရှိနေနိုင်သလို လက်ရှိမှာဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ဆိုပါတယ်။
ဒါပေမယ့် စစ်ရေးအချက်အလက်တွေအရ တိုမာဟောဒုံးကျည်ကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံမှာသာ လက်ရှိအသုံးပြုနေပြီး အီရန်နိုင်ငံမှာတော့ အဲဒီဒုံးကျည်အမျိုးအစား ရှိနေတာကိုခိုင်လုံတဲ့အထောက်အထားမရှိသေးဘူးလို့ ကျွမ်းကျင်သူတွေက ထောက်ပြထားပါတယ်။
တဖက်မှာလည်း ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူအရေအတွက်ဟာ ၁၄၈ ဦးအထိ မြင့်တက်လာတယ်လို့ အီရန်နိုင်ငံပိုင် တာ့စ်နင် (Tasnim) သတင်းဌာနက ဖော်ပြပါတယ်။
ဒေသခံအစိုးရရှေ့နေ အီဗရာဟင် တာဟီရီရဲ့ ပြောကြားချက်အရ သေဆုံးသူအများစုမှာ ကလေးငယ်တွေဖြစ်ပြီး ဒဏ်ရာအပြင်းအထန်ရရှိသူ ၉၅ ဦးထက်မနည်း ရှိနေသေးတာကြောင့် သေဆုံးသူအရေအတွက် ထပ်မံတိုးလာနိုင်တယ်လို့ သိရပါတယ်။
အဲဒီ အပြစ်မဲ့ကလေးငယ်တွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့အပေါ် ကမ္ဘာတဝှမ်းမှာ ဝေဖန်မှုတွေ မြင့်တက်နေပြီး အီရန်ဘက်ကလည်း ပြင်းထန်စွာ လက်တုံ့ပြန်သွားမယ်လို့ ကြေညာထားပါတယ်။






