Border News Agency
အီရန်၊ မတ် ၁၂။
အီရန်ဘက်ကပစ်ခတ်လိုက်တဲ့ ဘလက်စတစ်ဒုံးကျည်တွေနဲ့ဒရုန်းတိုက်ခိုက်မှုတွေကို ယူအေအီး (UAE) အမျိုးသားလေကြောင်းကာကွယ်ရေးစနစ်ကအောင်မြင်အောင် ကြားဖြတ်ဟန့်တားနိုင်ခဲ့တယ်လို့ ယူအေအီးကာကွယ်ရေးဝန်ကြီးဌာနက မတ်လ ၁၁ ရက်၊မနေ့ကထုတ်ပြန်ပါတယ်။
နိုင်ငံထဲကိုဦးတည်လာတဲ့ လေကြောင်းရန်အန္တရာယ်တွေကို ကာကွယ်ရေးစနစ်တွေက ဖျက်ဆီးပစ်နိုင်ခဲ့တာဖြစ်ပြီး အဲဒီလို ကြားဖြတ်ဟန့်တားမှုတွေကြောင့် ဒေသအချို့မှာ ပေါက်ကွဲသံအကျယ်ကြီးတွေ ကြားခဲ့ရတယ်လို့လည်း ဒေသခံတွေက ဆိုကြပါတယ်။
အဲဒါဟာ လေကြောင်းကာကွယ်ရေးစနစ်က ရန်သူ့ဒုံးကျည်တွေကို ကောင်းကင်ယံမှာတင် ကြားဖြတ်ဖျက်ဆီးလိုက်တာကြောင့် ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ရှင်းပြထားတာပါ။
အခုအချိန်မှာတော့ ယူအေအီးစစ်ဘက်ဆိုင်ရာ တပ်ဖွဲ့တွေကအမြင့်ဆုံးအဆင့် သတိပေးချက်ထုတ်ထားသလို၊ နောက်ထပ်လာနိုင်မယ့် အန္တရာယ်တွေကိုလည်း အနီးကပ်စောင့်ကြည့်နေတယ်လို့ဆိုပါတယ်။
နိုင်ငံတော်လုံခြုံရေးကို ထိပါးလာမယ့် ဘယ်လိုခြိမ်းခြောက်မှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ဖို့အတွက် စစ်တပ်က အသင့်ပြင်ထားတယ်လို့လည်း ဆိုထားပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အခြေအနေတွေကို မိနစ်မလပ် စောင့်ကြည့်နေပြီး ပြည်သူတွေအနေနဲ့လည်း တရားဝင်ထုတ်ပြန်ချက်တွေကိုပဲ နားထောင်ကြဖို့ တိုက်တွန်းထားပါတယ်။
လေကြောင်းရန်အန္တရာယ် ကျရောက်လာနိုင်တဲ့အခြေအနေမျိုးရှိရင်လည်း အချိန်နဲ့တပြေးညီ အသိပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လုံခြုံရေးယူထားတဲ့ နယ်မြေခံတပ်ဖွဲ့ဝင်တွေက ဒုံးကျည်နဲ့ ဒရုန်းတွေရဲ့ အပျက်အစီးတွေ ကျရောက်နိုင်တဲ့ နေရာတွေကို လိုက်လံစစ်ဆေးနေပြီး ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ် မထိခိုက်အောင်လည်း အကာအကွယ်ပေးသွားမယ်လို့လည်းဆိုပါတယ်။






