Border News Agency
မြဝတီ၊ မတ် ၁၂။
မြဝတီနဲ့ရွှေကုက္ကိုလ်ဘက်က အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်တဲ့ ဗီယက်နမ်၊ ကင်ညာနဲ့ နီပေါအပါအဝင် နိုင်ငံပေါင်း ၈ နိုင်ငံက လူ ၇၃ ဦးကို မတ်လ ၁၀ ရက်နေ့မှာ ထိုင်းဘက်ကို လွှဲပြောင်းပေးလိုက်တယ်လို့ စစ်ကော်မရှင်တပ်က ထုတ်ပြန်ပါတယ်။
သူတို့ကိုချစ်ကြည်ရေးတံတား ၂ ကနေတဆင့် ပြည်နှင်ဒဏ်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအပြင် တရားမဝင်ထပ်မံဝင်ရောက်နေထိုင်တဲ့ပါကစ္စတန်နဲ့ ရဝမ်ဒါနိုင်ငံသား နောက်ထပ် ၈ ဦးကိုလည်း ဖမ်းဆီးရမိထားပြီး ပြည်နှင်ဖို့ ဆက်လက်စစ်ဆေးနေတယ်လို့ဆိုပါတယ်။
၂၀၂၅ ခုနှစ်ကစပြီး မြဝတီမှာ ဖမ်းမိတဲ့ တရားမဝင်နိုင်ငံသား ၁၄,၀၀၀ နီးပါးရှိလာပြီး အဲဒီထဲက ၁၃,၀၀၀ ကျော်ကို ပြည်နှင်ခဲ့ပြီးပြီလို့ ဆိုပါတယ်။
လက်ရှိမှာလွှဲပြောင်းပေးဖို့ ကျန်နေတဲ့သူ ၁,၀၀၀ ကျော်ရှိနေပြီး အဲဒီထဲက တရုတ်နိုင်ငံသား ၂၅ ဦးကိုတော့ ဗီဇာစည်းကမ်းဖောက်ဖျက်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ဆိုပါတယ်။
သူတို့ကို လူဝင်မှုကြီးကြပ်ရေးအက်ဥပဒေနဲ့ အရေးယူဖို့ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
နယ်စပ်တလျှောက်က တရားမဝင်နေထိုင်သူတွေကို ဆက်လက်ဖော်ထုတ်နေပြီး ဖမ်းမိတဲ့သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ ပြန်ပို့နိုင်ဖို့ သံရုံးတွေနဲ့ ချိတ်ဆက်နေတယ်လို့လည်းဆိုပါတယ်။






